အခြေခံအဆောက်အအုံလိုအရေးကြီးတဲ့ အခြေခံစိတ်ဓာတ်

5.8.2019copy-right-.jpg

အခြေခံအဆောက်အအုံဆိုတာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ တိုးတက်မြင့်မားမှုအတွက် အုတ်မြစ်ပါပဲ။ အခြေခံအဆောက်အအုံမရှိဘဲ စီးပွားရေးရော၊ လူနေမှုဘဝရော တိုးတက်မြင့်မားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံ တိုးတက်မြင့်မားဖို့ အခြေခံအဆောက်အအုံက အရမ်းအရေးပါပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အတွက် အခြေခံအဆောက်အအုံလို အရေးပါတဲ့အရာတစ်ခုကတော့ အခြေခံစိတ်ဓာတ်ပါပဲ။ အခြေခံစိတ်ဓာတ် ဆိုတာ ဘာလဲ၊ အခြေခံစိတ်ဓာတ်က ဘယ်လောက်အထိ အရေးပါလဲ။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံမှာ ပြင်းအား (၉) မဂ္ဂနီကျူ့စ်ရှိတဲ့ ဆူနာမီငလျင်လှုပ်ခတ်ခဲ့လို့ လူသောင်းချီသေဆုံးခဲ့တာ အားလုံးအသိပါပဲ။ ဧရာမငလျင်ဒဏ်ကြောင့် အမေရိကန်ဒေါ်လာ သန်း (၃၀၀) ကျော် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ငလျင်ဒဏ်က ရုပ်ဝတ္တုပစ္စည်းတွေကို အလဲလဲအပြိုပြို၊ ကစဉ့်ကလျားဖြစ်အောင် လုပ်နိုင်ခဲ့ပေမဲ့ ဂျပန်နိုင်ငံသားတွေရဲ့ အခြေခံစိတ်ဓာတ်ကို ယိမ်းယိုင်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။

ဈေးဆိုင်တစ်ဆိုင်မှာ တန်းစီပြီး ဈေးဝယ်နေတုန်း ဂျပန်နိုင်ငံသားတွေပြသခဲ့တဲ့စိတ်ဓာတ်က တစ်ကမ္ဘာလုံး ပြောစမှတ်တွင်ခဲ့ပါတယ်။ ဈေးဆိုင်ရှေ့ဆုံးမှာ တန်းစီနေတဲ့သူကို ဆိုင်ရှင်က ”ဘယ်ပစ္စည်း ဘယ်နှစ်ခု ယူမလဲ”လို့ မေးတော့ အဲဒီသူက ပိုက်ဆံနှိုက်နေတုန်း နောက်မှာ တန်းစီနေတဲ့လူတန်းကို လှည်ပြန်လှည့်ကြည့်ပြီး လက်တစ်ချောင်းထောင်ပြခဲ့ပါတယ်။ တစ်ခုစီပဲ ယူမယ်ဆိုတဲ့သဘောပါ။ ဘေးအန္တရာယ်ကြုံနေရပေမဲ့ မိသားစုအတွက် နေ့ဖို့၊ ညစာမစဉ်းစားဘဲ တခြားသူတွေလည်းဝယ်လို့ရကြပါစေဆိုတဲ့ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး သူတစ်ယောက်တည်းသိမ်းကျုံးမဝယ်ခဲ့ပါဘူး။

သူ့အလှည့်ပြီးသွားတော့ နောက်မှာတန်းစီနေသူတွေကလည်း လက်ညိုးတစ်ချောင်းပဲထောင်ပြပြီး တစ်ခုစီပဲ ဝယ်ခဲ့ပါတယ်။ ဒီလိုမဟုတ်ဘဲ သိမ်းကျုံးဝယ်မယ်ဆိုရင် ပစ္စည်းတွေပြတ်လပ်ပြီး ဈေးတွေ အဆမတန်ဖြစ်သွားမှာ အသေအချာပါပဲ။ (ဒီအကြောင်းကို ဆရာမောင်သာချိုရဲ့ စာပေဟောပြောပွဲမှာ ပထမဆုံးကြားဖူးခဲ့တာပါ)။ ကျွန်တော်တို့နိုင်ငံမှာ နာဂစ်ဖြစ်ပြီးတော့ ကုန်ဈေးနှုန်းတွေဘယ်လိုဖြစ်သွားလဲဆိုတာ အားလုံးအသိပါ။ ဒီနေရာမှာ အစိုးရကြောင့်၊ ဥပဒေအားနည်းလို့ဆိုပြီး လက်ညိုးထိုးနိုင်ပေမဲ့ ပြည်သူတစ်ယောက်ချင်းစီရဲ့ အခြေခံစိတ်ဓာတ် အားကောင်းဖို့ လိုအပ်တာကိုလည်း ငြင်းပယ်လို့မရပါဘူး။

ဒီရက်ပိုင်းမှာ အခြေခံစိတ်ဓာတ်နဲ့ပတ်သက်ပြီး ပြောစရာ (၂) ခုရှိပါတယ်။ တစ်ခုကတော့ သီချင်းတစ်ပုဒ်ကို တီးခတ်ဖန်တီးသူရဲ့ ခွင့်ပြုချက်မယူဘဲ ပြန်လည်တီးခတ်သီဆိုမှုပါ။ နောက်တစ်ခုကတော့ ရုပ်သံမူပိုင်ခွင့်ကို ချိုးဖောက်ပြီး လူမှုကွန်ရက်ပေါ်ကနေ လက်ဝှေ့ပွဲ Live ပြခိုင်းတဲ့ တောင်းဆိုမှုတွေပါ။ Live မပြလို့ ဆဲဆိုခံခဲ့ရပါသေးတယ်။ ဒီဖြစ်ရပ် (၂) ခုက အကြောင်းအရာမတူပေမဲ့ မူပိုင်ခွင့်ကို အလေးထားရကောင်းမှန်း မသိတဲ့အချက်ကတော့ တူညီနေပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နိုင်ငံသားတိုင်းက မူပိုင်ခွင့်ကို အလေးထားကြပါတယ်။ ဒါဟာ အခြေခံစိတ်ဓာတ်အားကောင်း တာလို့ ဆိုရမှာပါ။ တစ်ဦးတစ်ယောက်ချင်းစီမှာ အခြေခံစိတ်ဓာတ်အားနည်းရင် နိုင်ငံတိုးတက်ဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာ အသေအချာပါပဲ။ မူပိုင်ခွင့်ကို အလေးထားမှ တီထွင်ဖန်တီးသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ချီးမြှောက် အားပေးရာ ရောက်မှာပါ။ တီထွင်ဖန်တီးသူတွေမရှိရင် အနုပညာ၊ အတတ်ပညာ၊ နည်းပညာပိုင်းမှာ အောက်ကျ နောက်ကျ ဖြစ်နေဦးမှာပါ။ ရင်းနှီးမြှုပ်နှံသူတွေမရှိရင် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမှာမဟုတ်ပါဘူး။

ဒီနှစ်ထဲမှာ စာပေနဲ့အနုပညာမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့် စတဲ့ မူပိုင်ခွင့်ဥပဒေလေးခု ပြဋ္ဌာန်းခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားနိုင်ဖို့အတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာနကို ဖွင့်လှစ်ခဲ့ပါတယ်။ မူပိုင်ခွင့်ဥပဒေချိုးဖောက်သူတွေကို ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်။ ဒီလိုအနေအထားမှာ နိုင်ငံသားတစ်ယောက်ချင်းစီကလည်း အခြေခံစိတ်ဓာတ် အားကောင်းအောင် ကြိုးစားပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့ တစ်ထောင့်တစ်နေရာက ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းရင်းအဆုံးသတ်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top