ဘုံဘေဘားမား (Bombay-Burmah) လို့ အသံကြားလိုက်တာနဲ့ တစ်ချိန်က မြန်မာ့အုပ်ချုပ်ရေးအလှည့်အပြောင်းကိုတွေးမိပြီး လူတိုင်းရင်ထဲ ဆစ်ကနဲတော့ နာကျင်မိမှာပါပဲလေ။ ကျွန်းသစ်အငြင်းပွားမှုကိစ္စကနေ အင်္ဂလိပ်လက်အောက်ရောက်ခဲ့ရတဲ့အထိ
ဘုံဘေဘားမားနဲ့ ဆက်စပ်မှုတွေ ရှိခဲ့ဖူးလို့ပါ။ ဒီအပြောင်းအလဲရဲ့ အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဘုံဘေဘားမားကုမ္ပဏီအခွဲကို ရန်ကုန်မှာ ၁၈၆၃ ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့ပါတယ်။ ဘုံဘေဘားမားကုမ္ပဏီအဆောက်အဦးဟာ အခုထိ ရန်ကုန်မြို့မှာ ရှိပါသေးတယ်။ အခုအချိန်မှာတော့ Myanma Airways ရဲ့ရုံးအဆောက်အဦ ဖြစ်နေပါပြီ။
အတိတ်ကို ပြန်ပြီး လှမ်းမျှော်ကြည့်ရမယ်ဆိုရင် ဘုံဘေဘားမားဆိုတာဟာလည်း ကျားကွက်ပေါ်က နယ်ရုပ်လေးတစ်ရုပ်ထက် မပိုခဲ့ပါဘူး။ အမှန်တကယ်တော့ ၁၈၈၅ ခုနှစ်ဆိုတာ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံရေးအခင်းအကျင်းတွေ လှုပ်လှုပ်ရွရွဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ ဗြိတိန်လိုအင်အားကြီးနိုင်ငံတစ်ခုအတွက် ဂျာမန်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေရဲ့ တိုးတက်လာတဲ့အနေအထားတစ်ခုနဲ့ ယှဉ်ပြိုင်နေရတဲ့ကာလဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ဖွံ့ဖြိုးတိုးတက်လာမှုဟာ ခြိမ်းခြောက်မှုတစ်ခုသဖွယ် ဖြစ်လာပါတယ်။
၁၈၈၅ခုနှစ် ဖေဖော်ဝါရီလမှာ ဘာလင်ကွန်ဂရက်ကနေပြီး အာဖရိကတိုက်ကို ဥရောပအင်အားကြီးနိုင်ငံ ခြောက်နိုင်ငံဆီကို တရားဝင်ခွဲဝေပေးလိုက်ပါတယ်။ ဒါက နယ်ချဲ့စနစ်တစ်ခုကို ပုံဖော်ပေးလိုက်သလိုပါပဲ။ စီးပွားရေးကျဆင်းနေတဲ့ ဥရောပနိုင်ငံတွေရဲ့ပစ်မှတ်ဟာ အာရှနိုင်ငံတွေ ဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ရင်းမြစ်တွေ၊ မြန်မာနိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်သွယ်ဖို့လမ်းကြောင်းတွေဟာ သူတို့ကို လက်ယပ်ခေါ်နေသလိုပါပဲ။
ဒါပေမဲ့ ဒီအတိုင်း အကြောင်းပြချက်မရှိ ကျူးကျော်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေအလယ် အရှက်ရမှာကြောက်သေးတဲ့ ဗြိတိသျှတို့ အကြောင်းပြချက်ရှာနေချိန်မှာပဲ အခွင့်အားလျော်စွာ ပေါ်ပေါက်လာတဲ့အကြောင်းတရားတစ်ခုက ပြင်သစ်နဲ့မြန်မာရဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ မြန်မာသံတမန်တို့ရဲ့ မျှော်မှန်းချက်ကတော့ ပြင်သစ်နဲ့မိတ်ဆွေဖြစ်ခြင်းအားဖြင့် အနည်းဆုံး ဥရောပနိုင်ငံတွေဆီက ကာကွယ်ပြီးသားဖြစ်ဖို့ပါ။ ဒါပေမယ့် ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဗြိတိသျှတွေက မြန်မာနဲ့ပြင်သစ်လျှို့ဝှက်စာချူပ်တွေ ချုပ်ထားကြကြောင်း စွပ်စွဲသတင်းဖြန့်ပါတယ်။ အရာအားလုံးဟာ အချိတ်အဆက်မိမိပါပဲ။ ဩဂုတ်လ ၁၂ရက်နေ့မှာ မြန်မာဘုရင်ကနေ ဘုံဘေဘားမားသစ်ကုမ္ပဏီအပေါ် ရူပီးတစ်သိန်းကျော် ဒဏ်ငွေရိုက်ခဲ့ပါတယ်။ အခွန်မပေးပဲ သစ်တွေကို ပြည်ပကို တင်ပို့နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းလောက်အောင်ပဲ ဒါဟာ အခွင့်အလမ်းရှာနေတဲ့ ဗြိတိသျှတွေအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် လပိုင်းအတွင်းမှာတင် မြန်မာနိုင်ငံဟာ သူ့ကျွန်ဘဝကျရောက်ခဲ့ပါတယ်။ နောက်ပိုင်းကိစ္စတွေကတော့ စာဖတ်ပရိသတ်တို့သိတဲ့အတိုင်း “ထီးသုဉ်းနန်းသုဉ်း မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ် ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် ဪကောင်း၏ဆိုတဲ့ စာချိုးလို မြန်မာထီးနန်း ပျက်သုန်းသွားခဲ့ရပါတယ်။
EL (ရိုးရာလေး)