ဘောလုံးကို ခေါင်းနဲ့တိုက်တာက ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်

soccer-player-playing-with-ball-on-field-PVCTUM6.jpg

ဒေါက်တာ ဘားနက် အိုမာလူ (Dr. Bennet Omalu) ဟာ Chronic Traumatic Encephalopathy (CTE) လို့ခေါ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ နာတာရှည်ရောဂါကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။

ဦးခေါင်းထိခိုက်မှုရဲ့ ဆိုးကျိုးကနေ ဦးခေါင်းနဲ့ပတ်သတ်တဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်စေပါတယ်။ ခေါင်းနဲ့ ဘောလုံးကိုတိုက်ခြင်းက အလွန်အန္တရာယ်များတယ်လို့လည်း ဒေါက်တာ အိုမာလူက ဆိုပါတယ်။

BBC ရဲ့ ထုတ်လွှင့်မှုတစ်ခုမှာ အိုမာလူက အသက် ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ ဘောလုံးကစားရင်း ခေါင်းတိုက်ခြင်းကို ရှောင်ရှားသင့်တယ်လို့ ပြောခဲ့ပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြားမှာ ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးနေတဲ့ ကာလကို ရောက်ရှိနေတာမို့ ဘောလုံးကစားမယ် ဆိုရင်တောင် ခေါင်းတိုက်တာကိုတော့ မလုပ်သင့်သေးဘူးလို့ မှတ်ချက်ပြုခဲ့တာပါ။

“ဒီသိပ္ပံလေ့လာတွေ့ရှိချက်နဲ့ အကြံပြုချက်ကို လူတွေ လက်ခံနိုင်ဖို့ ခဲယဉ်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက အချိန်ယူပြီး ပြောင်းလဲရမှာပါ။ လူမှုပတ်ဝန်းကျင်တစ်ခုလုံး ဝိုင်းဝန်းပြောင်းလဲယူရမှပဲ ဖြစ်မှာပါ” လို့ အိုမာလူက ဆိုပါတယ်။

အင်္ဂလန်နဲ့ ဝက်စ်ဘရွန်း ကစားသမားဟောင်း ဂျက်ဖ် အက်စတယ် (Jeff Astle) ဟာ လေးလံလွန်းတဲ့ သားရေဘောလုံးတွေကို ခေါင်းတိုက်လေ့ရှိတာကြောင့် ဦးနှောက်ရောဂါ တစ်ခုဖြစ်တဲ့ Brain Trauma နဲ့ ၂၀၀၂ ခုနှစ်မှာ သေဆုံးခဲ့ရပါတယ်။ သေဆုံးချိန်မှာ အသက် ၅၉ နှစ်ရှိနေပြီဖြစ်ကာ ဘောလုံးသမားဘဝနဲ့ ၁၈ နှစ်ကြာ ဖြတ်သန်းချိန် အတွင်း ၁၀ နှစ်လောက်နီးပါး ဦးနှောက် မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်ဇိုင်းမား (Alzheimer) ရောဂါ ခံစားခဲ့ရပါတယ်။

ဂျက်ဖ်ရဲ့ သမီးဖြစ်သူ ဒေါ်ရန်း (Dawn) က တချို့ ဘောလုံးသမားတွေလည်း သူ့အဖေလိုမျိုး တူညီတဲ့ ရောဂါနဲ့ သေဆုံးနေရတာဟာ ဒီအချက်ကြောင့်လို့ ဆိုခဲ့ပြီး ပို့စမောက် ကစားသမားဟောင်း ရော့ဒ် တိုင်လာ (Rod Taylor) နဲ့ ဧပြီလအတွင်းက ကွယ်လွန်ခဲ့တဲ့ ဘုန်းမောက် ကစားသမားဟောင်း ဂီလင်ဟန် တို့ဟာလည်း ဒီလို အခြေအနေတွေကို ကြုံတွေ့ခံစားခဲ့ရကာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

ဘောလုံးကစားနည်းမှာ ခေါင်းတိုက်တာကို ပိတ်ပင်ဖို့အထိ မဟုတ်ပေမဲ့ FA အနေနဲ့ ဒီလိုခံစားခဲ့ရတဲ့ ဘောလုံးသမားတွေရဲ့ မိသားစုတွေကို အကူအညီတွေပေးဖို့ လုပ်ဆောင်သင့်တယ်လို့ ဆိုခဲ့ပါတယ်။

ဘောလုံးကို ခေါင်းနဲ့တိုက်တာနဲ့ ပတ်သက်ပြီး “လူရဲ့ ဦးနှောက်ဟာ ဦးခေါင်းခွံထဲမှာ ဘောလုံးတစ်ခုလို မျောနေတာဖြစ်ပြီး ဘောလုံးကို ခေါင်းနဲ့တိုက်လိုက်ချိန်မှာ ဦးနှောက်ကို ထိခိုက် ပျက်စီးမှု ဖြစ်သွားစေနိုင်တယ်” လို့ ဒေါက်တာ အိုမာလူက ပြောပြခဲ့ပါတယ်။

Ref: BBC “Brain injury expert calls for the ban on heading in football”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top