ကမ္ဘာ့ပထမဆုံး ခရီးသည်တင် လျှပ်စစ်လေယာဉ် စတင်ပျံသန်းတော့မယ်

30.1.2021yyl05.jpg

ကမ္ဘာ့ပထမဆုံး ခရီးသည်တင် လျှပ်စစ်လေယာဉ်ကို စတင်ပျံသန်းဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ အစ္စရေးကုမ္ပဏီ Eviation က အဆင့်မြှင့်တင်နေတဲ့ The Alice လေယာဉ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆီယက်တယ်မြို့မြောက်ပိုင်း အာလင်တန်မြူနီစီပယ်လေဆိပ်မှာ အင်ဂျင်စမ်းသပ်မှုအောင်မြင်ခဲ့တာပါ။ သီတင်းပတ် အနည်းငယ်အကြာမှာ ပထမဆုံးခရီးစဉ် ပျံသန်းနိုင်တော့မယ်လို့ Eviation ရဲ့ အမှုဆောင်ချုပ် အိုမာဘာယိုဟေးက ပြောပါတယ်။

လျှပ်စစ်ကား၊ ဆဲလ်ဖုန်းတွေရဲ့ ဘက်ထရီနည်းပညာနဲ့တူညီတဲ့ Aliceလျှပ်စစ်လေယာဉ်ဟာ ခရီးသည် ၉ ဦးတင်ဆောင်နိုင်မှာဖြစ်ပြီး နာရီဝက် အားသွင်းရုံနဲ့ တစ်နာရီကြာ ( ရေမိုင် ၄၄၀) ပျံသန်းနိုင်မှာပါ။ Boeing 737 လေယာဉ်ရဲ့ အမြန်ဆုံးနှုန်းက တစ်နာရီ ၅၈၈ မိုင်ဖြစ်ပြီး Alice လျှပ်စစ်လေယာဉ်ကတော့ တစ်နာရီကို ၂၈၇ မိုင် ပျံသန်းနိုင်မှာပါ။ လာမယ့် ၇ နှစ်ကနေ ၁၀ နှစ်အတွင်း Alice လျှပ်စစ်လေယာဉ်က ခရီးသည် ၂၀ ကနေ ၄၀ အထိ တင်ဆောင်နိုင်ပြီး လျှပ်စစ်စွမ်းအင် အသုံးပြု လေကြောင်းခရီးသွားလာမှု ဖော်ဆောင်နိုင်ဖို့ Eviation ကုမ္ပဏီက မျှော်လင့်နေပါတယ်။

Alice လျှပ်စစ်လေယာဉ်ရဲ့ ပုံစံငယ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အနှေးပြေး ဆင်းသက်မှု စမ်းသပ်ချက်တွေကို အောင်မြင်ကျော်လွှားနိုင်ခဲ့ပြီး လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း မြန်နှုန်းမြင့်ဆင်းသက်မှု စမ်းသပ်ချက်တွေ ပြုလုပ်ဖို့ ရှိနေပါတယ်။ အဲဒီစမ်းသပ်မှုတွေမှာ လျှပ်စစ်လေယာဉ်ကို မြန်နှုန်းအမျိုးမျိုးနဲ့ ဆင်းသက်စေမှာဖြစ်ပြီး မြေပြင်အဖွဲ့တွေက စတီယာရင်၊ ဘရိတ်နဲ့ ပြေးလမ်းမချော်စေမယ့်စနစ်တွေကို စောင့်ကြည့်အကဲခတ်မှာ ဖြစ်ပါတယ်။

Eviation ကုမ္ပဏီက Alice လျှပ်စစ်လေယာဉ်ရဲ့ ခရီးစဉ်ကို ၂၀၂၂ ခုနှစ်မတိုင်မီ ပျံသန်းနိုင်ဖို့ မျှော်မှန်းထားပေမဲ့ ရာသီဥတုဆိုးရွားမှုကြောင့် အချိန်ကြန့်ကြာခဲ့ရတာပါ။ ခရီးသည်တင်၊ သီးသန့်နဲ့ ကုန်တင် ဆိုပြီး ပုံစံငယ်အမျိုးအစား ၃ မျိုး အဆင့်မြင့်တင်နေပြီး ခရီးသည်တင်လေယာဉ်ကတော့ ခရီးသည် ၉ ယောက်၊ လေယာဉ်မှူး ၂ ယောက်၊ ကုန်အလေးချိန် ပေါင် ၈၅၀ တင်ဆောင်စမ်းသပ်နေပါတယ်။ သီးသန့်အမျိုးအစားမှာတော့ ခရီးသည် ၆ ဦးအတွက်ပဲ လျာထားပြီး ကုန်တင်အမျိုးအစားမှာတော့ ကုန်ချိန် ၄၅၀ ကုဗပေ တင်ဆောင်နိုင်ဖို့ လျာထားပါတယ်။

Alice လျှပ်စစ်လေယာဉ်ရဲ့ ပြုပြင်ထိန်းသိမ်းမှု၊ ပြေးဆွဲမှုစရိတ်ဟာ လက်ရှိအချိန်မှာ စီးပွားဖြစ် ပြေးဆွဲနေတဲ့ လေယာဉ်တွေနဲ့ယှဉ်ရင် ၇၀ ရာခိုင်နှုန်းအထိ သက်သာနိုင်ခြေ ရှိတယ်လို့ Eviation ကုမ္ပဏီက ပြောပါတယ်။ လျှပ်စစ်စွမ်းအင် အသုံးပြု လေကြောင်းခရီးသွားလာမှုဈေးကွက်မှာ တက်သစ်စကုမ္ပဏီတွေရော၊ အထင်ကရာကုမ္ပဏီတွေပါ အပြိုင်အဆိုင်ဖြစ်နေပြီး ၂၀၃၅ ခုနှစ်ကျရင် အမေရိကန် လေယာဉ်စုထဲမှာ လျှပ်စစ်စွမ်းအင် အသုံးပြုလေယာဉ်တွေ ပါဝင်လာစေဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ နာဆာက GE Aviation နဲ့ magniX ကို အမေရိကန်ဒေါ်လာ ၂၅၃ သန်း ပေးခဲ့ပါတယ်။ Boeing ကုမ္ပဏီက လျှပ်စစ်စွမ်းအင်အသုံးပြု မောင်းသူမဲ့ ခရီးသည်တင်လေယာဉ်ကို တည်ဆောက်ဖို့ Wisk Aero ကုမ္ပဏီထံမှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ရင်းနှီးမြှုပ်နှံထားပြီး Airbus ကုမ္ပဏီကလည်း ၂၀၁၀ ပြည့်နှစ်ကတည်းက ဒီနည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတာပါ။

လျှပ်စစ်စွမ်းအင် အသုံးပြု ခရီးသည်တင်လေယာဉ် ပျံသန်းနိုင်မှုရဲ့ အကြီးမားဆုံး အတားအဆီးကတော့ ဘက်ထရီဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ” ပိတ်ဆို့နေတဲ့ အတားအဆီးက ဘက်ထရီနည်းပညာပါပဲ။ လျှပ်စစ်ကားတွေမှာလိုပဲပေါ့။ လေယာဉ်တွေမှာတော့ အလေးချိန်ကို စိုးရိမ်ရတယ်။ ပိုကောင်းတဲ့ ဘက်ထရီနည်းပညာရလာရင်တော့ ကျွန်တော့်အထင် ၂ နှစ်၊ ၃ နှစ်အတွင်း လျှပ်စစ်လေယာဉ်တွေ ပေါ်လာကြမှာပါ” လို့ Aero Consulting Experts ရဲ့ အမှုဆောင်ချုပ် ရို့စ်အိုင်းမားက ပြောပါတယ်။ DHL ကုမ္ပဏီက မှာယူထားတဲ့ Alice လျှပ်စစ်လေယာဉ် ၁၂ စင်းကိုတော့ ၂၀၂၄ ခုနှစ်အတွင်း ပို့ဆောင်နိုင်ဖွယ် ရှိပါတယ်။ အဲဒီလေယာဉ်တွေကို ကုန်ပစ္စည်းပို့ဆောင်ရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင် အသုံးပြု ခရီးသည်တင်လေယာဉ် ပျံသန်းမှုမှာ စိုးရိမ်ပူပန်စရာ အကောင်းဆုံးကတော့ စည်းမျဉ်းထိန်းသိမ်းမှုအပိုင်းပါပဲ။ လျှပ်စစ်လေယာဉ်တွေနဲ့ပတ်သက်ပြီး FAA ( အမေရိကန်နိုင်ငံ ပြည်ထောင်စုလေကြောင်းပျံသန်းရေး ညွှန်ကြားမှုဦးစီးဌာန)က ရှင်းလင်းပြတ်သားတဲ့ မူဘောင် (သို့) လမ်းညွှန်ချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ လျှပ်စစ်လေယာဉ်တွေကတော့ လက်ရှိအသုံးပြုနေကျ ခရီးသည်တင်လေယာဉ်တွေကို အနှေးနဲ့ အမြန် စိန်ခေါ်လာနိုင်စွမ်း ရှိနေတာကတော့ အမှန်ပါပဲ။

Ref: CNN “Alice, the first all-electric passenger airplane, prepares to fly”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top