အမေရိကန်က ရုရှားကို ယူကရိန်းစစ်ပွဲထဲ ဆွဲသွင်းနေတာလို့ ပူတင် ပြော

30.1.2021yyl16.jpg

အမေရိကန်နိုင်ငံက ရုရှားကို ယူကရိန်းစစ်ပွဲထဲ ဆွဲသွင်းနေတယ်လို့ ရုရှားသမ္မတ ပူတင်က စွပ်စွဲခဲ့ပါတယ်။ အမေရိကန်က ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖို့ အကြောင်းရင်းရှာနေတာလို့ ပူတင်က ဆိုခဲ့တာပါ။ ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် ၁၀၀,၀၀၀ တပ်စွဲထားလို့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒါပေမဲ့ အနောက်အုပ်စု စွပ်စွဲသလို ယူကရိန်းနိုင်ငံကို ကျူးကျော်ဖို့ စီစဉ်နေတာ မဟုတ်ဘူးလို့ ရုရှားက ဆိုပါတယ်။

ယူကရိန်းအစိုးရဟာ အရှေ့ပိုင်းဒေသမှာ ငြိမ်းချမ်းရေးပြန်လည်ပုံဖော်မယ့် နိုင်ငံတကာသဘောတူစာချုပ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ရုရှားက စွပ်စွဲခဲ့ပါတယ်။ ဥရောပတိုက်မှာ နေတိုးမဟာမိတ်အဖွဲ့နဲ့ပတ်သက်ပြီး ရုရှားရဲ့စိုးရိမ်ပူပန်မှုကို အမေရိကန်နိုင်ငံက လျစ်လျူရှုထားတယ်လို့ ပူတင်က ဆိုပါတယ်။

” ကျွန်တော့်အမြင်တော့ အမေရိကန်က ယူကရိန်းနိုင်ငံ လုံခြုံရေးကို သိပ်မစိုးရိမ်ပါဘူး။ ရုရှားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ရေးက သူတို့ရဲ့ အဓိကတာဝန်ပါပဲ။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ယူကရိန်းကို ကိရိယာတစ်ခုလို အသုံးပြုနေတာပါ” လို့ ပူတင်က ပြောပါတယ်။


ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ အမေရိကန်နိုင်ငံဟာ စစ်အေးကာလ (၁၉၄၇-၈၉ ) ကတည်းက အားပြိုင်ခဲ့ကြတာပါ။ ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံပြီးရင် ဆိုဗီယက်ပြည်ထောင်စုမှာ အဓိကအကျဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။

ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် ခွင့်ပြုပေးလိုက်ရင် နေတိုးအဖွဲ့ဝင် တခြားနိုင်ငံတွေကိုပါ ရုရှားနဲ့ စစ်တိုက်ခိုင်းသလို ဖြစ်နေလိမ့်မယ်လို့ ပူတင်က သုံးသပ်ခဲ့ပါတယ်။ ” ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ပြီ၊ ( ခရိုင်းမီးယားဒေသကို ပြန်သိမ်းပိုက်ဖို့) စစ်ဆင်ရေး စတင်ပြီဆိုပါစို့။ ဘာဖြစ်သွားမလဲ။ ကျွန်တော်တို့ နေတိုးအဖွဲ့နဲ့ တိုက်ရတော့မှာလား။ ဒီအကြောင်းကိုရော တွေးဖူးကြလား။ သူတို့ကတော့ မတွေးကြဖူးထင်ပါတယ်” လို့ ပူတင်က ပြောပါတယ်။

တကယ်လို့ ရုရှားကသာ ကျူးကျော်လာရင် ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားမှာသာ စစ်ပွဲဖြစ်ရုံတင်မကဘဲ ဥရောပတိုက်တစ်ခုလုံးမှာ မီးကုန်ယမ်းကုန်စစ်ပဲ ဖြစ်ပွားလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက သတိပေးခဲ့ပါတယ်။

Ref: BBC ” Ukraine tensions: US trying to draw Russia into war says Putin”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top