အရှေ့ပိုင်းကနေ ကိဗ်မြို့ ဘူတာကြီးကို ကျွန်တော်ရောက်တော့ မြို့ကနေ ထွက်ခွာမယ့်ရထားတွေပေါ် တက်မယ့်လူတွေအပြည့်ပဲ။ ယူကရိန်းအမျိုးသားရထားလိုင်းက ရထား ၈၀ ရာခိုင်နှုန်းအထိ ပြေးဆွဲပေးနေတယ်ဆိုပေမဲ့ အချိန်တော်တော်စောင့်ရတယ်။ ဘူတာရုံမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတွေ ရှိတယ်။ ရထားတွဲမပြည့်မချင်း လူအားလုံးကို ရထားပေါ်တက်ခွင့်ပေးမယ်၊ လက်မှတ်မဝယ်ထားတဲ့သူတွေကိုတောင် တက်ခွင့်ပေးမယ်လို့ ပြောတယ်။ ရဲအရာရှိတစ်ယောက်ကတော့ ” အမျိုးသမီးနဲ့ ကလေးတွေကို ဦးစားပေးပါ။ အမိန့်အတိုင်း လိုက်နာကြပါ။ မဟုတ်ရင် ပစ်ရလိမ့်မယ်” လို့ လူအုပ်ကြီးကို အော်ပြောနေတယ်။ သူက အတည်ပြောနေတာပါ။
ကိဗ်မြို့လမ်းမတွေပေါ်မှာတော့ လူသူကင်းမဲ့သလောက်ပဲ။ အရင်ကနဲ့ လုံးဝမတူဘူး။ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေအများစု ပိတ်ထားကြတယ်။ စားစရာရောင်းတဲ့ဆိုင်တချို့ ဖွင့်ထားပေမဲ့ စားသုံးသူတွေကတော့ မြင်သမျှ၊ တွေ့သမျှ ဝယ်နေကြလို့ စင်တွေပေါ်မှာ ပစ္စည်းမရှိသလောက်ပါပဲ။ လူအများစုကလည်း နှာခေါင်းစည်းမတပ်ကြတော့ဘူး။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ လတ်လတ်ဆတ်ဆတ် မုန့်လေးလိုချင်လို့ မုန့်တိုက်ရှေ့သွားတန်းစီတာ လေကြောင်းအချက်ပြသံတွေ ထွက်လာလို့ ဗုံးခိုကျင်းတွေထဲ အလုအယက်ပြေးခဲ့ရသေးတယ်။
ကိဗ်မြို့မှာ မြေအောက်ဘူတာရုံကလွဲပြီး တခြားအများပြည်သူ ပို့ဆောင်ရေးစနစ်တွေ အလုပ်မလုပ်တော့ပါဘူး။ လူတွေကလည်း ဗုံးခိုဖို့အတွက် မြေအောက်ဘူတာရုံတွေကို လာကြတယ်။ မနေ့ညက ဘူတာရုံ စင်္ကြံလမ်းပေါ် အိပ်နေတဲ့မိသားစုတွေထဲမှာ ကလေးငယ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ ပါလာကြတယ်။ သူတို့က ဖျာလေးတွေခင်းပြီး စောင်ခြုံအိပ်ကြတယ်။ ဒီနေ့လည်း မထူးခြားနားပါပဲ။ ဒါပေမဲ့ ယူကရိန်းပြည်သူတွေကတော့ တော်တော်စည်းလုံးကြတယ်၊ ရုရှားကျူးကျော်စစ်ကိုလည်း တွန်းလှန်ချင်စိတ် ရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် သူ့အကြောင်း၊ ကိုယ့်အကြောင်း ဖလှယ်ကြ၊ ပွေ့ဖက်နှုတ်ဆက်ကြ၊ အားပေးကြ၊ အတူတူ ဆုတောင်းကြနဲ့ပေါ့။ တော်တော်များများကတော့ ရုရှားနိုင်ငံနဲ့ သမ္မတပူတင်ကို ဟာသလုပ်ရင်း အားတင်းနေကြတယ်။ သူတို့ပြောတဲ့စကားတွေက ကြမ်းလွန်းလို့ ပြန်ပြောဖို့တောင် မသင့်ဘူး။
Nz ( ရိုးရာလေး)