မိခင်ရဲ့ “အသက် ၁၈ နှစ်အထိ လူမှုကွန်ယက်အသုံးမပြုရ”စိန်ခေါ်မှုကို ပြီးမြောက်အောင်မြင်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး

24-2-2022-yyl18.jpg

လွန်ခဲ့တဲ့ ၆ နှစ်က မင်နီဆိုးတားပြည်နယ်ရှိလိုနာ ကလက်ဆာစ် (Lorna Klefsaas)ဆိုတဲ့ မိခင်တစ်ဦးဟာ သူ့ရဲ့ ၁၂ နှစ်သားလေးကို လူမှုကွန်ယက်အသုံးမပြုမိအောင် စိန်ခေါ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၈ နှစ်အထိ လူမှုကွန်ယက်အသုံးမပြုဘူးဆိုရင် ဒေါ်လာ ၁၈၀၀ ဆုချမယ်ဆိုတဲ့စိန်ခေါ်မှုပါပဲ။ အခုဆိုရင် သူ့ရဲ့သားဆိုင်ဗက် ကလက်ဆာစ် (Sivert Klefsaas) ဟာ အသက် ၁၈ နှစ်အထိ လူမှုကွန်ယက်အသုံးမပြုခဲ့တဲ့အတွက် ဒေါ်လာ ၁၈၀၀ ရရှိသွားခဲ့ပါပြီ။

လိုနာက အလားတူစိန်ခေါ်မှုအကြောင်း ရေဒီယိုကနေကြားသိခဲ့ရပြီး သူ့ရဲ့ကိုယ်ပိုင် “18 for 18 challenge” ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆိုင်ဗက်က သူ့မိခင်ရဲ့စိန်ခေါ်မှုကို အကြာကြီး မစဥ်းစားခဲ့ဘူးလို့ ဆိုပါတယ်။ ” ကျွန်တော် ၁၂ နှစ်ဆိုတော့ တွေးခဲ့တယ်။ အို….ဒေါ်လာ ၁၈၀၀ လား။ ဒါက မိုက်တယ်။ ငါ့ဘဝမှာ ရှိခဲ့ဖူးတဲ့ပိုက်ဆံထက် ပိုများတာပဲ။ ၆ နှစ်လား။ ဒါက ဘာမှမဟုတ်ပါဘူး။ ဒါကို ငါလုပ်နိုင်တယ်” လို့ ဆိုင်ဗက်က ပြန်ပြောပြပါတယ်။

အဲဒီအချိန်တုန်းက Snapchat အက်ပလီကေးရှင်းကို စမ်းသုံးခဲ့ပေမဲ့ နောက်တစ်ရက်မှာ ဖျက်ပစ်ခဲ့တဲ့အတွက် စိန်ခေါ်မှုစတင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ဗက်ကတော့ ဒီစိန်ခေါ်မှုကို ဆက်ထိန်းထားနိုင်မလားသိချင်ခဲ့တယ်။ “တစ်ဝက်လောက်မှာ ပြီးချင်ပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကို ဘာမှမဖြစ်သလို လုပ်ခဲ့တာပဲ။ ဒါ ဂုဏ်ယူစရာကိစ္စပဲလို့ ကျွန်တော် တွေးမိတယ်” လို့ ဆိုင်ဗက်က ပြန်ပြောပြပါတယ်။ခြောက်နှစ်တာစိန်ခေါ်မှုမှာ ချွင်းချက်ကတော့ ဆိုင်ဗက်ရဲ့ ဘတ်စကက်ဘောအသင်းက ဂိမ်းနဲ့အသင်းအချက်အလက်တွေပေးပို့ဖို့ Snapchat ကို အသုံးပြုတဲ့အခါဖြစ်ပါတယ်။

သူက အင်တာနက် ခေတ်ရေစီးကြောင်းမှာ ခြေတစ်လှမ်း နောက်ကျနေပေမဲ့ လူမှုကွန်ယက်ကို မသုံးတာက သူ့ဘဝအပေါ် မကောင်းတဲ့ သက်ရောက်မှုမဖြစ်ဘူးလို့ ဆိုပါတယ်။ တစ်နေ့တာမှာ သူ့ရဲ့သူငယ်ချင်းတွေကလည်း သူ အင်စတာဂရမ်၊ Snapchat၊ TikTok မှာ ရှိမရှိ ဂရုစိုက်တဲ့ပုံလည်းမပေါ်ပါဘူး။ လိုနာက လူမှုကွန်ယက်စိန်ခေါ်မှုဟာ အောင်မြင်တယ်လို့ ထင်ကြောင်း ပြောပါတယ်။ သူ့သားက အားကစားနဲ့ ပညာရပ်တွေမှာ အချိန်ပိုပေးဖြစ်ခဲ့တယ်။ သူ ဘယ်လောက်အောင်မြင်နေတယ်ဆိုတာ မြင်ရတယ်။ အလဲအလှယ်နဲ့ တွန်းအားဖြစ်စေမယ့်အရာတစ်ခုခုကို လုပ်ဖို့ မိဘတွေကိုလည်း တိုက်တွန်းချင်တယ်လို့ လိုနာက ဆိုပါတယ်။

အခုဆိုရင် ဆိုင်ဗက်က သူ့မိခင်ရဲ့စိန်ခေါ်မှုကို ပြီးမြောက်သွားခဲ့တဲ့အတွက် Snapchat ကို ပြန်ဒေါင်းလုပ်ဆွဲထားတဲ့အပြင် အင်စတာဂရမ်အကောင့်လည်း ဖွင့်ခဲ့ပါတယ်။ “လူမှုကွန်ယက်က ကောင်းပါတယ်။ သေချာပေါက် အသုံးပြုပါ။ ဒါပေမဲ့ သင့်ဘဝရဲ့ အခြားအရာတွေမှာလည်း အချိန်ပေးပါ။ အထူးသဖြင့် လူမှုဆက်ဆံရေးနယ်ပယ်မှာပေါ့။ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ လူချင်းတွေ့ဖြစ်တာ” လို့ ဆိုင်ဗက်က ဆိုပါတယ်။

အသက် ၁၈ နှစ်မှာ ဆိုင်ဗက်က အသက် ၁၂ တုန်းကနဲ့မတူဘဲ လုံးဝကွာခြားသွားကြောင်း၊ လူမှုကွန်ယက်ကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့နည်းလမ်းနဲ့ သုံးမယ်လို့ ထင်ကြောင်း၊ ဆိုရှယ်မီဒီယာကို သူ့ရဲ့ခံစားချက်တွေ (ဒါမှမဟုတ်) သူ့ရဲ့တန်ဖိုးတွေ သတ်မှတ်ပစ်ဖို့ ခွင့်ပြုထားမှာမဟုတ်ကြောင်း လိုနာက ပြောခဲ့ပါတယ်။

Ref: ABCNews “Mom rewards son $1800 for staying off social media until he was 18”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top