အမေရိကန်က ကယ်ထုတ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ယူကရိန်းသမ္မတ ငြင်းဆန်ခဲ့

24-2-2022-yyl26.jpg

ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပင်လယ်နက်ထဲကနေ ယူကရိန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ နေရာတော်တော်များများမှာ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေရပါတယ်။ ရုရှားက ထပ်ဖန်တလဲလဲ ထိုးစစ်ဆင်နေပေမဲ့ ယူကရိန်းက အဓိကမြို့ကြီးတွေကို ထိန်းသိမ်းထားနိုင်ဆဲပဲလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားတပ်ဖွဲ့တွေက စစ်မျက်နှာ အများကြီးဖွင့်ပြီး ကိဗ်မြို့ကိုဝိုင်းဖို့ ကြိုးစားနေပေမဲ့ ယူကရိန်းတပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှု ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ရုရှားဘက်က စစ်သည် ၃၅၀၀ ကျော် သေဆုံးခဲ့ပြီး စစ်သည် ၂၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ရုရှားဘက်က လေယာဉ် ၁၄ စင်း၊ ရဟတ်ယာဉ် ၈ စင်း၊ တင့်ကား ၁၀၂ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပေမဲ့ အဲဒီဖော်ပြချက်ကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ရုရှားဘက်က သူတို့ရဲ့ အသေအပျောက်၊ ဆုံးရှုံးမှုစာရင်းကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အမေရိကန်အစိုးရက ယူကရိန်းသမ္မတ ဇီလင်စကီးကို ကယ်ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဇီလင်စကီးက ငြင်းလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ ” တိုက်ပွဲက ဒီမှာ ဖြစ်နေတာပါ။ ကျွန်တော့်အတွက် လက်နက်ခဲယမ်းလိုတယ်။ (ကယ်ထုတ်ပေးမယ့်) လေယာဉ်မလိုဘူး” လို့ ဇီလင်စကီးက ပြောခဲ့ကြောင်း ထောက်လှမ်းရေးအရာရှိတစ်ယောက်ရဲ့ ပြောကြားချက်ကို AP က ကိုးကားဖော်ပြပါတယ်။

ရုရှားရဲ့ကျူးကျော်စစ် ရင်ဆိုင်ရချိန်မှာ ဇီလင်စကီးရဲ့ တုံ့ပြန်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ချီးကျူးဂုဏ်ပြုမှုတွေ ရှိနေပါတယ်။ ” ငါတို့ကို လာတိုက်ရင် ငါတို့မျက်နှာကို မြင်ရမယ်၊ ငါတို့ကျောပြင်ကို မမြင်စေရဘူး” လို့ ဇီလင်စကီးက အားမာန်အပြည့်ပါတဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကိဗ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေချိန် ကမ္ဘာတစ်ဝန်းက အထင်ကရ အဆောက်အအုံတွေမှာ ယူကရိန်းအလံအရောင် မီးတွေထွန်းညှိပြီး ရုရှားရဲ့ကျူးကျော်စစ် ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top