ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားစွမ်းအင်စက်ရုံကို ရုရှား သိမ်းပိုက်၊ ချာနိုဘိုင်းပေါက်ကွဲမှုထက် ၆ ဆ ပိုဆိုးနိုင်တယ်လို့ ယူကရိန်းသမ္မတ သတိပေး

3-3-2022-yyl15.jpg

ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားစွမ်းအင်စက်ရုံကို ရုရှားက သိမ်းပိုက်လိုက်ပါပြီ။ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားစစ်သည်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံ အမြောက်ဆန်ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပွားမှာကို စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ နျူကလီးယားစွမ်းအင်စက်ရုံက ဘေးအန ္တရာယ်ကင်းရှင်းပြီး ရေဒီယိုသတ္တိကြွမှုပမာဏကလည်း ပုံမှန်ပဲလည်း အာဏာပိုင်တွေက ဆိုပါတယ်။

ရုရှားနိုင်ငံက ဥရောပတစ်တိုက်လုံး ဘေးအန ္တရာယ်ကျအောင် လုပ်နေတယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေက စွပ်စွဲခဲ့ပါတယ်။ ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံကို တိုက်ခိုက်တာဟာ ချာနိုဘိုင်းနျူကလီးယားပေါက်ကွဲမှုထက် ၆ ဆ ပိုဆိုးရွားတဲ့ ပေါက်ကွဲမှုမျိုး ဖြစ်စေနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောခဲ့ပြီး ရုရှားက နျူကလီးယားအကြမ်းဖက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ” ပေါက်ကွဲမှုဖြစ်ရင် အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်။ ဥရောပရဲ့ အဆုံးသတ်ဖြစ်သွားမယ်” လို့ ဇီလင်စကီးက ပြောပါတယ်။

ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံတစ်ဝိုက် စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားနိုင်ငံကို တိုက်တွန်းထားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောပါတယ်။အဆင်ခြင်မဲ့တဲ့ တိုက်ခိုက်မှုဟာ ဥရောပတိုက် တစ်တိုက်လုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်၊ ဘောရစ်ဂျွန်ဆင်နဲ့ ဂျက်စတင်ထရူဒေါတို့ ၃ ယောက်လုံးဟာ ယူကရိန်းသမ္မတ ဇီလင်စကီးနဲ့ ဖုန်းဆက်စကားပြောခဲ့ပါတယ်။

ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံကို တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံသား အဖျက်အမှောင့်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြစ်တင်ဝေဖန်ခဲ့ပေမဲ့ သက်သေအထောက်အထား ပြသခဲ့ခြင်း မရှိပါဘူး။ ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံရဲ့ ဓာတ်ပေါင်းဖို ၆ ခုအနက် ဓာတ်ပေါင်းဖိုတစ်ခုဘေးက အဆောက်အအုံတွေ ထိခိုက်ပျက်စီးပေမဲ့ လုံခြုံရေးကို မထိခိုက်စေဘူးလို့ ယူကရိန်းနိုင်ငံ နျူကလီးယားစောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံ ပရိဝုဏ်အပြင်ဘက်က လေ့ကျင့်ရေးအဆောက်အအုံကို အမြောက်ဆန် ထိမှန်ခဲ့လို့ မီးလောင်ကျွမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နျူကလီးယားစွမ်းအင်စက်ရုံမှာ ဓာတ်ပေါင်းဖို့ ၆ ခုရှိတဲ့အနက် ဓာတ်ပေါင်းဖိုတစ်ခုပဲ လည်ပတ်နေတာပါ။

Ref: BBC ” Live Reporting”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top