ကိုဗစ်-၁၉ လူနာတွေအတွက် အသက်ကယ်ဆေး နောက်တစ်မျိုး ရှာဖွေတွေ့ရှိ

3-3-2022-yyl14.jpg

ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို အထောက်အပံ့ ဖြစ်စေမယ့် အသက်ကယ်ဆေး နောက်တစ်မျိုး ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ လေးဘက်နာရောဂါကို ကုသဖို့ အသုံးပြုလေ့ရှိတဲ့ ဆေးဟာ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရလို့ ဆေးရုံတက်ဖို့ လိုအပ်နေတဲ့ လူနာတွေရဲ့ သေဆုံးနိုင်ခြေကို ၅ ပုံ၊ တစ်ပုံအထိ လျှော့ချပေးနိုင်တယ်လို့ စမ်းသပ်ကုသမှုတွေအရ ယူဆထားကြပါတယ်။

အဲဒီဆေးကို ဒက်ဆာမက်သာဆုန်းလို ဈေးသက်သာတဲ့ စတီးရွိုက်ဆေးကုထုံးတွေနဲ့ ယှဉ်တွဲအသုံးပြုနိုင်လို့ လူ့အသက်တွေကို ပိုမိုကယ်တင်ပေးနိုင်လိမ့်မယ်လို့ သုတေသီတွေက ပြောပါတယ်။ အဲဒီအတွက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို တစ်ဝက်လျှော့ချပေးနိုင်ဖွယ် ရှိနေပါတယ်။အခုထွက်ပေါ်လာတဲ့ ရလဒ်သစ်တွေကြောင့် ဗြိတိန်အမျိုးသားကျန်းမာရေးဌာန(NHS) baricitinib ဆေးကို သိပ်မကြာခင် ထောက်ခံချက်ပေးဖွယ်ရှိနေပါတယ်။ baricitinib ဆေးပေးပြီး ၁၀ ရက်ကြာ ကုသမှုဟာ ပေါင် ၂၅၀ ဝန်းကျင် ကုန်ကျပေမဲ့ NHS က အဲဒီထက် ဈေးသက်သာအောင် ညှိနှိုင်းပေးနိုင်ဖွယ် ရှိပါတယ်။

baricitinib ဆေးနဲ့ စမ်းသပ်ကုသမှု ခံယူခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် မက်ခ်ရစ်ဗာကတော့ ” ကျွန်တော် ဆေးရုံရောက်နေတာ တစ်လလောက် ရှိပါပြီ။ အချိန်တော်တော်ကြာအောင် အထူးကြပ်မတ်ကုသဆောင်မှာပဲ နေရတယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရာတိုင်းက တခြားတစ်ခုနဲ့ ရင်ဆိုင်တိုက်ခိုက်နေရပုံပဲ။ အမြဲတမ်းနီးပါး အသက်ရှူစက် တပ်ထားရတယ်။ သွေးအဆိပ်သင့်တယ်၊ အဆုတ်ရောင်ရောဂါ ခံစားရတယ်။

စမ်းသပ်ကုသမှုမှာ ပါဝင်ဖို့က ကျွန်တော့်တာဝန်ပဲလို့ ယူဆမိတယ်။ (စမ်းသပ်မှုမှာ) ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ်၊ တခြားသူတွေကို ကူညီနိုင်မယ့် အပြုသဘောဆောင်တဲ့အရာ တစ်ခုခုကို လုပ်ပေးနေရတယ်ဆိုတာ သိလို့ပါပဲ။ baricitinib နဲ့ ကုသမှုရလဒ်တွေကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ တခြားသူတွေ အကျိုးရှိအောင် ဒီဆေးကို အသုံးပြုလာကြဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Ref: BBC “Another life-saving Covid drug identified”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top