ဘဏ်အကောင့်ထဲ မှားရောက်လာတဲ့ ကိုဗစ်ထောက်ပံ့ရေးစရိတ်တွေကို လောင်းကစားလုပ်ပစ်ပြီး ဂျပန်အမျိုးသား ထွက်ပြေးနေ

18-5-2022-yyl-01.jpg

ဂျပန်အမျိုးသားတစ်ယောက်ဟာ သူ့ဘဏ်အကောင့်ထဲ မှားရောက်လာတဲ့ အစိုးရရဲ့ ကိုဗစ်ထောက်ပံ့ရေးငွေတွေကို အွန်လိုင်းကာစီနို လောင်းပစ်ခဲ့ပြီး ရှုံးသွားလို့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း ယာမာဂူချီစီရင်စုမှာရှိတဲ့ အဘူမြို့ မြူနီစီပယ်အစိုးရအဖွဲ့က ကိုဗစ်ကပ်ရောဂါကာလ ထောက်ပံ့ရေးအစီအစဉ်အဖြစ် ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စု ၄၆၃ စုအတွက် တစ်စုကို ယန်း ၁၀၀,၀၀၀ နှုန်းနဲ့ ယန်း ၄၆.၃ သန်းပေးအပ်ဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမဲ့ ဧပြီလ ၈ ရက်မှာတော့ အဲဒီငွေတွေက ၂၄ နှစ်အရွယ် အမျိုးသားရဲ့ ဘဏ်အကောင့်ထဲကို မှားရောက်သွားခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီအမျိုးသားဟာ တစ်ရက်ကို ယန်း ၆၀၀,၀၀၀ နှုန်းနဲ့ ၂ ပတ်ဆက်တိုက် ဘဏ်အကောင့်ထဲကနေ ငွေထုတ်ယူခဲ့တာ တွေ့ရပါတယ်။ သူက အဲဒီငွေတွေကိုသုံးပြီး ဖုန်းထဲကနေ အွန်လိုင်းကာစီနို ကစားခဲ့တယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။

အာဏာပိုင်တွေက သူ့ကို ဆက်သွယ်ချိန်မှာ ” ငွေတွေ ထုတ်ပြီးသွားပြီ။ ပြန်ပေးစရာလည်း မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် မပြေးပါဘူး။ ကိုယ့်မိုက်ပြစ်ကိုယ် တာဝန်ယူမယ်” လို့ ပြောခဲ့ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ မေလ ၁၂ ရက်က သူ့ကို တရားစွဲဖို့ အမှုဖွင့်လိုက်ချိန်မှာတော့ ထွက်ပြေးသွားခဲ့ပြီး ဒီနေ့အချိန်အထိ သူ ဘယ်မှာရှိနေလဲဆိုတာ ခြေရာခံလို့ မရသေးပါဘူး။

အဘူမြို့ မြူနီစီပယ်အစိုးရအဖွဲ့က တရားစရိတ်အပါအဝင် ယန်း ၅၁ သန်း ပြန်လည်ရရှိလိုမှုနဲ့ သူ့ကို တရားစွဲထားပါတယ်။ အခုလို အမှားအယွင်းဖြစ်ခဲ့လို့ အလွန်အမင်း စိတ်မကောင်းဖြစ်မိတယ်လို့ အဘူမြို့တော်ဝန် ဟာနာဒါက မြို့ခံတွေကို တောင်းပန်ခဲ့ပြီး ပြည်သူ့ဘဏ္ဍာငွေတွေ ပြန်ရဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလ ထောက်ပံ့ရေးအစီအစဉ်မှာ ထောက်ပံ့စရိတ် ရသင့်ရထိုက်တဲ့ မိသားစုအားလုံးကိုလည်း ယန်း ၁၀၀,၀၀၀ စီ ထပ်မံပေးအပ်ဖို့ စီစဉ်ထားပါတယ်။

Ref: BBC “Man gambles away huge accidental Covid payment in Japan”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top