ရှေ့တန်းတပ်ဖွဲ့တွေအတွက် ​အိမ်တွင်းဖြစ် ကျည်ကာအင်္ကျီတွေ ချုပ်လုပ်ပေးနေတဲ့ ယူကရိန်းပြည်သူတွေ

17-2-2022-yyl09.jpg

တိုက်ခန်းလေးမှာ စက်ချုပ်ရင်း ယူကရိန်းနိုင်ငံတော်သီချင်းကို သီဆိုနေတဲ့ အသက် ၆၈ နှစ် အီရီနာ ပရိုချန်ကို (Irina Protchenko) ကတော့ ကီးယက်မြို့ရဲ့အထည်ချုပ်စက်ရုံက‌နေ အငြိမ်းစားယူခဲ့တာ ကြာပါပြီ။ နှစ် ၅၀ လောက် အဲဒီစက်ရုံမှာ Hugo Boss၊ Lacoste လို နာမည်ကြီးအဝတ်အစားတံဆိပ်တွေအတွက် အမျိုးသားဝတ်အင်္ကျီတွေကို ချုပ်လုပ်ပေးခဲ့တာပါ။

အခုတော့ ရုရှားကျူးကျော်ဝင်ရောက်မှုကနေ နိုင်ငံကို ကာကွယ်ဖို့ ရှေ့တန်းရောက်နေတဲ့ သူ့ရဲ့ကလေးနဲ့ မြေးတွေအတွက် ကျည်ကာအင်္ကျီချုပ်လုပ်နေပါတယ်။ သူကတော့ ပြောရှာပါတယ်။ တကယ်ဆို ကျည်ကာအင်္ကျီမဟုတ်ဘဲ မင်္ဂလာဝတ်စုံချုပ်ပေးသင့်တာတဲ့။ သူဟာ အခန်းထောင့်မှာ အပ်ချုပ်စက်ကို ထားပြီး မိသားစုက ဝယ်ပေးတဲ့ (ဒါမှမဟုတ်) လှူဒါန်းပေးတဲ့ ပစ္စည်းတွေနဲ့ ကျည်ကာအင်္ကျီကို ချုပ်နေခဲ့တာပါ။

သူ ချုပ်ပေးတဲ့ ကျည်ကာအင်္ကျီတွေထဲကတစ်ခုက ယူကရိန်းတပ်ဖွဲ့ဝင်တစ်ယောက်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ရင်ပဲ သူ့အတွက် အကြီးမားဆုံးဆုလာဒ်ပါလို့ အီရီနာက ချုပ်ပြီးသွားတဲ့ ကျည်ကာဝတ်စုံကို ကိုင်ရင်း ပြောပါတယ်။ သူက တစ်ထည်ချုပ်ပြီးသွားတိုင်း ယူကရိန်းအတွက် နောက်ထပ်အောင်ပွဲတစ်ခုအနေနဲ့ ရေတွက်ပါတယ်။

မရပ်မနားအလုပ်လုပ်ရင်တော့ တစ်နေ့တည်းနဲ့ ကျည်ကာအင်္ကျီ (၁၀) လောက် ချုပ်နိုင်ပါတယ်။ မီးဖိုချောင်ထဲမှာ အီရီနာရဲ့ သားမက်ဖြစ်သူ အီဂျန်နီ (Evgeny) ကလည်း ယူကရိန်းတပ်ဖွဲ့ဝင်အမှတ်အသား အပြာရောင်နဲ့ အဝါရောင်လက်ပတ်တွေကို ထိုင်ပြီးချုပ်ပေးနေပါတယ်။ သူက တစ်နေ့ကို လက်ပတ် (၂၀၀) လောက် ချုပ်ပါတယ်။

စစ်ပွဲမတိုင်ခင်ကတော့ သူက ရှေ့နေတစ်ယောက်ဖြစ်ခဲ့ပြီး ပထမကမ္ဘာစစ်တုန်းက ယူကရိန်းနိုင်ငံသားတွေ ရုရှားဘိုရှီဗစ်တွေကို တိုက်ခိုက်ခဲ့တဲ့အချိန်က အခန်းတွေကို သရုပ်ဆောင်တဲ့ အပျော်တမ်းမင်းသားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ အခု ရုရှားကျူးကျော်စစ်ဖြစ်တဲ့အချိန်မှာ အီဂျန်နီက သူ့ရဲ့ယောက္ခမ အီရီနာကို ကျည်ကာအင်္ကျီကို ကူညီပြီး ချုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ အီဂျန်နီရဲ့ သားဖြစ်သူရဲ့ခေါင်းကိုင်အဖေက ရှေ့တန်းသွားခါနီး ကျည်ကာအင်္ကျီရှာမတွေ့တဲ့အချိန်မှာ ကျည်ကာအင်္ကျီချုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

ကျည်ကာအင်္ကျီဒီဇိုင်းပုံစံတွေကို သိရဖို့အတွက် အင်တာနက်ကနေ ဗီဒီယိုနဲ့ပုံတွေကို အသုံးပြုခဲ့ကြတာပါ။ အခုလိုချုပ်လုပ်တဲ့လည်ပတ်မှုတစ်ခုလုံးက ဆော်ဒီအာရေးဗီးယားနဲ့ အိုင်ယာလန်တို့လိုနေရာတွေက လာတဲ့ အထည်၊ ချည်နဲ့ အချို့သော ငွေကြေးလှူဒါန်းမှုအပေါ် မူတည်ပါတယ်။ ပရောဂျက်မှာ အလုပ်လုပ်သူတိုင်က စေတနာ့ဝန်ထမ်းဖြစ်ပါတယ်။

အကျီအတွင်းပိုင်းက သံချပ်ကာပြားတွေက ဒေသခံစက်ပြင်ဆရာ အိုလက်ချ် မက်လာ (Oleg Metla)ရဲ့ ကားဟောင်းတွေကနေယူထားတဲ့ သတ္တုအပိုင်းအစတွေကို အင်ဂျင်နီယာ ဗာလာရီ အိုလရက်စကီး (Valery Olretsky) က ဂဟေဆော်ပေးခဲ့တာပါ။ သံချပ်ကာပြားတွေကို သေနတ်ပစ်ကွင်းဆီ ယူလာပြီး စမ်းသပ်ထားပါတယ်။ သူတို့ ပထမဆုံး ကြိုးစားခဲ့တဲ့ သံချပ်ကာပြားက ၆ မီလီမီတာလောက်သာ ထူခဲ့ပါတယ်။ “ဒီကျည်ဆန်တွေကတော့ ဖောက်ဝင်မသွားတာကို မြင်ရမှာပါ။ ဒါပေမဲ့ လက်ဖြောင့်သမားရဲ့ကျည်ဆန်နဲ့ စက်သေနတ်ရဲ့ကျည်ဆန်တွေကတော့ ဖောက်ဝင်ခဲ့ပါတယ်။ ဒါကြောင့် ပိုထူတာကို ရွေးချယ်ခဲ့ကြတယ်” လို့ မက်လာက ပြောပါတယ်။

၈ မီလီမီတာ ထူတဲ့ သတ္တုပြားတွေကို ရွေးချယ်ခဲ့ကြပါတယ်။ အရမ်းကြီးမလေးသလို ရုရှားကျည်မျိုးစုံကိုလည်း ခုခံကာကွယ်နိုင်စွမ်းရှိပါတယ်။ အိုလရက်စကီးက ရုရှားလက်နက်တွေရဲ့ရန်ကနေ ယူကရိန်းစစ်သားရဲ့အသက်ကို ကယ်တင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရက်သတ္တပတ်တော်တော်ကြာအောင် သတ္တုပြားဟောင်းတွေကို ဂ‌ဟေဆော်ပေးခဲ့ရပါတယ်။ သူ ကူညီလုပ်ပေးခဲ့တဲ့ ကျည်ကာအင်္ကျီတွေထဲကတစ်ထည်ကလည်း သူ့ရဲ့အသက်ကိုတောင် ကယ်တင်ဖို့ ကောင်းကောင်းအသုံးချနိုင်မှာဖြစ်ပါတယ်။

Ref: CNN “Ukrainians are making homemade body armor to send to frontline troops”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top