ဗျူဟာမြောက်လက်နက်သစ်ကို ထုတ်ဖော်ပြသမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ပြော

yyl-040.jpg

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးရာမှာ သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့က အချိန်ဆွဲနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စွပ်စွဲခဲ့ပြီး သိပ်မကြာခင်အချိန်အတွင်း ဗျူဟာမြောက် လက်နက်သစ်ကို ထုတ်ဖော်ပြသသွားမယ်လို့ သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့အထိ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းမြို့မှာ ကျင်းပခဲ့တဲ့ အာဏာရပါတီ(အလုပ်သမားပါတီ)ရဲ့ (၄)ရက်ကြာ ဆွေးနွေးပွဲမှာ ကင်ဂျုံအန်က အခုလို ပြောခဲ့တာလို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရန်လိုမုန်းတီးမှုနဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေ မြင့်တက်လာချိန်မှာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ စီးပွားရေးအကျိုးအမြတ်ရဖို့ လုံခြုံရေးကဏ္ဍကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ကင်ဂျုံအန်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ လက်နက်စမ်းသပ်မှုလုပ်မယ့် အတိုင်းအတာကတော့ အမေရိကန်နိုင်ငံရဲ့ စိတ်သဘောထားအပေါ် မူတည်တယ်လို့ ကင်ဂျုံအန်က ဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ အသေးစား လက်နက်စမ်းသပ်မှု တော်တော်များများလုပ်ခဲ့ပြီး အမေရိကန်ဘက်က အလျှော့ပေးကမ်းလှမ်းလာအောင် ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း နျူကလီးယားစမ်းသပ်မှု ဒါမှမဟုတ် (အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်တယ်ဆိုတဲ့)တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ခဲ့ခြင်းမရှိပါဘူး။

ကင်ဂျုံအန်က ကိုယ့်ကတိကိုယ် တည်အောင်ထိန်းတဲ့လူစားမျိုးဖြစ်မယ်လို့ ထင်မှတ်ထားကြောင်း ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးထားပြီး စင်ကာပူဆွေးနွေးပွဲမှာတုန်းက နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးညှိနှိုင်းဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်တို့ဟာ ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း (၃)ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒုတိယမြောက် ထိပ်သီးအစည်းအဝေး ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း ညှိနှိုင်းဆွေးနွေးမှုတွေ တိုးတက်မှုမရှိခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top