စွန့်ပစ်ဟင်းသီးဟင်းရွက်တွေကနေ ဆိုလာစွမ်းအင် ထုတ်လုပ်ပေးနိုင်မယ့်အရာကို ဖိလစ်ပိုင်နိုင်ငံသား တီထွင်

17-2-2022-yyl08.jpg

ဆိုလာစွမ်းအင်ရဲ့ အလှည့်အပြောင်းတစ်ရပ် ပေါ်ပေါက်လာပါပြီ။ ဖိလစ်ပိုင်နိုင်ငံသား တီထွင်သူတစ်ယောက်က စွန့်ပစ်ဟင်းသီးဟင်းရွက်တွေကနေ ဆိုလာစွမ်းအင် ထုတ်လုပ်ပေးနိုင်မယ့် အစေးကွက်တွေ ဖန်တီးခဲ့တာပါ။ အဲဒီအရာဟာ တိမ်ထူချိန်ပဲ ဖြစ်ဖြစ်၊ မိုးရွာနေချိန်ပဲ ဖြစ်ဖြစ်၊ အလင်းရောင် တိုက်ရိုက်မရတဲ့ အချိန်မျိုးမှာတောင် ဆိုလာစွမ်းအင် ထုတ်ပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေထဲမှာ အာရုံခံစားမှုကောင်းလွန်းတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပြီး အဲဒီဓာတုပစ္စည်းတွေဟာ ခရမ်းလွန်ရောင်ခြည်ကို (မျက်စိနဲ့မြင်နိုင်တဲ့) အလင်းရောင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ အဲဒီအလင်းရောင်ကို အသုံးပြုပြီး ဆဲလ်တွေကနေ photovoltaic cells လျှပ်စစ်ထုတ်လုပ်တာပါ။

နှစ်ထပ်မှန်ပြတင်းပေါက်ရဲ့ မှန်ချပ်တွေကြားမှာ အစေးကွက်တွေကို ထားလိုက်ရင် အဲဒီရောင်စုံကွက်တွေက နေရောင်ခြည်ကို ပြတင်းပေါက်မှန်ချပ် အစွန်းတွေဆီ ပို့လွှတ်ပေးပါတယ်။ အဲဒီမှာ photovoltaic cells တွေက နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးတာဖြစ်ပြီး စမတ်ဖုန်း ၂ လုံးကို အားသွင်းနိုင်လောက်တဲ့ စွမ်းအင်ပမာဏ ထုတ်လွှတ်ပေးပါတယ်။ တကယ်လို့ အဆောက်အအုံ တစ်ခုလုံးမှာ ကပ်ထားရင်တော့ အစေးကွက်တွေက စွမ်းအင်အများကြီး ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

အဲဒီဖန်တီးမှုကြောင့် ၂၉ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား မိုင်ဂူးဟာ ၂၀၂၀ ပြည့်နှစ်အတွက် ဒိုင်ဆန်ဖောင်ဒေးရှင်း (Dyson Foundation)က ပေးအပ်တဲ့ ရေရှည်တည်တံ့တဲ့ ဖန်တီးမှုဆု ဆွတ်ခူးခဲ့ပါတယ်။ ရောင်စုံဖြစ်နေတဲ့ အစေးကွက်တွေက ဥတ္တရအလင်းတန်း(Aurora Borealis)လို ဖြစ်နေလို့ မိုင်ဂူးကတော့ သူ့ရဲ့ဖန်တီးမှုကို AuREUS လို့ အမည်ပေးထားပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ဆိုလာတွေနဲ့ မတူညီတာကတော့ AuREUS ဟာ ဟင်းသီးဟင်းရွက်အစေးတွေကနေ ထုတ်ထားတဲ့ ပိုလီမာအချပ် ဖြစ်နေလို့ ကွေးလို့ဆန်လို့ ရသလို ပုံသွင်းနိုင်ပြီး ညှပ်ထားလို့ ရပါတယ်။ အပင်တွေဟာ ခရမ်းလွန်ရောင်ခြည်ကို တိမ်တွေကနေ စုပ်ယူတာဖြစ်လို့ အစေးကွက်ဆိုလာပြားဟာ နေရောင်တိုက်ရိုက်ထိဖို့ မလိုပါဘူး။ အရိပ်ထဲမှာ ထားရင်လည်း တခြားတစ်နေရာကနေ ရောင်ပြန်လာတဲ့ ခရမ်းလွန်ရောင်ခြည်ရှိရင် စွမ်းအင်ထုတ်လုပ်နိုင်ပါတယ်။

” လျှပ်စစ်ကားတွေ၊ လေယာဉ်တွေ၊ လှေတွေမှာ အသုံးပြုနိုင်မယ့် ကွေးညွှတ်နိုင်တဲ့ အပြားအချပ်တွေ ဖန်တီးဖို့ မျှော်လင့်ထားပါတယ်။ AuREUS က ဆိုလာစွမ်းအင်ကို လူသားတွေနဲ့ ပိုမိုနီးစပ်စေနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။ ကွန်ပျူတာတွေကို အစိုးရနဲ့ စစ်တပ်ကပဲ အသုံးပြုခဲ့ပေမဲ့ အခုအခါမှာ အဲဒီနည်းပညာက ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေထဲ ရောက်လာသလိုမျိုးပေါ့။ ဆိုလာစွမ်းအင်ကို ပိုမိုအသုံးပြုလာနိုင်ဖို့ လိုလားပါတယ်” လို့ မိုင်ဂူးက ပြောပါတယ်။

ပိုလီမာအချပ်ကို အင်္ကျီချုပ်ဝတ်ထားရင် လူတွေ လမ်းလျှောက်ထားတဲ့အခါ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မယ့် အလားအလာမျိုးတောင် ရှိတယ်လို့ သူက ဆိုပါတယ်။ မိုင်ဂူးဟာ စွန့်ပစ်ဟင်းသီးဟင်းရွက်တွေတင် မကဘဲ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ကောက်ပဲသီးနှံတွေကိုပါ ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်အောင် ဖန်တီးသွားမှာ ဖြစ်ပါတယ်။ သူ ဖန်တီးထားတဲ့ အစေးကွက်တွေဟာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာဆိုတဲ့ အရောင် ၅ မျိုး ပါဝင်ပြီး သဘာဝနဲ့ပိုနီးစပ်တဲ့ အပြာရောင်မျိုးကိုတော့ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

Ref: Goodnews “Solar Panels Built From Waste Crops Can Make Energy Without Direct Light”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top