ယူကရိန်းကနေ တစ်ယောက်တည်းထွက်ပြေးလာခဲ့တဲ့ ကလေးလေး သူ့မိခင်နဲ့ ပြန်ဆုံစည်းခွင့်ရပြီ

17-2-2022-yyl11.jpg

အခုဆိုရင် ယူကရိန်းကနေ တစ်ယောက်တည်းထွက်ပြေးလာခဲ့ပြီး မွေးချင်းမောင်နှမတွေနဲ့ အဆက်အသွယ်ရခဲ့တဲ့ ၁၁ နှစ် ကောင်လေးဟာ သူ့ရဲ့အမေနဲ့ ပြန်ဆုံစည်းခဲ့ရပါပြီ။အခုလအစောပိုင်းမှာ ဟက်ဆန် ပီဆဲကာ (Hassan Pisecka) ဆိုတဲ့ အဲဒီကောင်လေးဟာ ယူကရိန်းကနေ ဆလိုဗက်ကီးယားကို တစ်ယောက်တည်း ခရီးနှင်ခဲ့တဲ့အတွက် သတင်းဌာနတော်တော်များများမှာ ဖော်ပြခံခဲ့ရပါတယ်။ ယူကရိန်းကနေ ဟက်ဆန် ထွက်ပြေးလာတဲ့အချိန်တုန်းကတော့ သူ့ရဲ့မိခင် ဂျူလီယာ ပီဆဲကာက သူ့ရဲ့အမေ နေမကောင်းဖြစ်နေတဲ့အတွက် ယူကရိန်းမှာ နေရစ်ခဲ့ရတာပါ။

ဟက်ဆန် ထွက်ပြေးလာခဲ့ပြီး ဆလိုဗက်ကီးယားနယ်စပ်သို့ ရောက်တဲ့အချိန်မှာ သူ့ရဲ့အပြုံးနဲ့မကြောက်ရွံ့တဲစိတ်ဓာတ်ကြောင့် အာဏာပိုင်တွေက သူ့ကို ချီုးကျူးခဲ့ကြပါသေးတယ်။ ဆလိုဗက်ကီးယားက သူ့ရဲ့မိသားစုဝင်တွေကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ရယ်၊ စာတစ်စောင်ပါလာတဲ့အတွက် သူ့ရဲ့မွေးချင်းမောင်နှမ (၄) ဉီးနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

အဲဒီတုန်းက ဟက်ဆန်က အနာဂတ်အကြောင်း မစဉ်းစားဖြစ်ဘဲ ဘေးကင်းစွာ ထွက်ပြေးလာနိုင်တဲ့အတွက် ပျော်တယ်လို့ ပြောခဲ့တာပါ။ ဟက်ဆန်အတွက် သူ့ရဲ့အစ်မ ဘာသာပြန်ပေးခဲ့တာက “အရေးကြီးဆုံးက သူ့မိသားစုရှိတဲ့ နေရာကို ရောက်ဖို့ပါပဲလို့ ပြောတယ်။ ဒီမြို့ကို သူကြိုက်တယ်။ ဘေးကင်းလုံခြုံလို့တဲ့။ ယူကရိန်းက အခြေအနေအကြောင်းကို သူ မသိတဲ့အတွက် အနာဂတ်အကြောင်း သူမသိဘူး။ အနာဂတ်အကြောင်း သူစဉ်းစားမနေခဲ့ဘူး။ သူ ကျွန်မတို့နဲ့ အတူရှိချင်ရုံပဲ” လို့ ပြောခဲ့ပါတယ်။

တစ်ယောက်တည်းလာခဲ့ရတဲ့ခရီးစဉ်ရဲ့ ကြောက်စရာအကောင်းဆုံးအကြောင်း ပြောတော့ သူ့ရဲ့အစ်မက ကြောက်စရာကောင်းတဲ့ ရထားခရီးစဉ်ကို ဟက်ဆန်ကြုံခဲ့ရတယ်လို့ ရှင်းပြခဲ့ပါတယ်။ “ရထားက အရမ်းအရမ်း ပြည့်သိပ်ကျပ်နေတာ။ ရထားတွဲတစ်တွဲမှာ လူ ၃၀၀ ရှိတယ်။ ကလေးတွေနဲ့ လူကြီးတွေက လျှောက်လမ်းမှာ ထိုင်နေကြရတယ်။ လူတိုင်းက နိုင်ငံခြားဘာသာစကားပြောနေခဲ့ကြတယ်။ ဟက်ဆန်က နားမလည်ခဲ့ဘူး။ အဲဒါကြောင့်ပဲ သူ့အတွက် ကြောက်စရာအကောင်းဆုံးဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

ဟက်ဆန်နဲ့ မောင်နှမတစ်တွေ ပြန်ဆုံခဲ့ကြပေမဲ့ သူ့ရဲ့အမေအတွက် စိတ်မအေးနိုင်ဖြစ်ခဲ့ရပြန်ပါတယ်။ အခုတော့ သူတို့ရဲ့အမေနဲ့အဘွားတို့က သူတို့နဲ့တွေ့ရဖို့ ယူကရိန်းကနေ ထွက်ပြေးကာ နယ်စပ်ဖြတ်ကျော်လာနိုင်ခဲ့ပါပြီ။ သူတို့မိသားစုတွေအကုန်ပြန်ဆုံစည်းရတဲ့ ဗီဒီယိုကို လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့ရပါတယ်။

“ရထားစီးရတာက အရမ်းခက်ခဲတယ်။ ကားတစ်ခုတည်းမှာ လူရာချီ သိပ်ထည့်ထားသလိုပဲ။ ဒါပေမဲ့ ကျွန်မတို့ ထွက်ပြေးလာနိုင်ခဲ့ပြီး ကျွန်မတို့မိသားစု အတူတူနေနိုင်ပါပြီ။ ကျွန်မရဲ့နှလုံးသားထဲကကိုပဲ လူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်မတို့ အစကနေပြန်စရမယ်။ ကျွန်မတို့မှာ ရှိခဲ့တဲ့ အရာအားလုံးဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘေးကင်းကျန်းမာနေပါတယ်” လို့ ဂျူလီယာက ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဂျူလီယာတို့မိသားစုဟာ ဟက်ဆန်ရဲ့အဖေမပါဘဲ ဆီရီးယားကနေ ထွက်ပြေးခဲ့ရဖူးပါတယ်။ Slovakia Police ကလည်း “သူတို့တွေ နောက်တစ်ကြိမ် အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီ။ ဒါပေမဲ့ အခုတစ်ကြိမ်တော့ စစ်ပွဲက သူတို့ဆီကနေ တစ်ဉီးတစ်ယောက်ကိုမှ ခေါ်မသွားခဲ့ဘူး။ သူတို့အတူတူရှိနေကြတယ်။ ဒါက အရေးကြီးဆုံးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဗီဒီယိုကြည့်ရှုရန်
Ref: Ladbible “Boy Who Fled Ukraine With Only A Phone Number On Hand Reunited With Mum”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top