ပုံမှန်အားဖြင့် မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်ပွားလေ့မရှိတဲ့ အာဖရိကတိုက်ပြင်ပ နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားနေတာကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။
ဥရောပနိုင်ငံတွေ၊ အမေရိကနဲ့ သြစတြေးလျနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၀၀ ကျော် ရှိနေပါတယ်။ ရောဂါကူးစက်ခံရသူ ထပ်မံမြင့်တက်လာမယ်လို့ ခန့်မှန်းထားပေမဲ့ အကြီးအကျယ် ကူးစက်ပျံ့နှံ့နိုင်ခြေ အလွန်နည်းပါးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
ဗဟိုအာဖရိကနဲ့ အနောက်အာဖရိကရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာပဲ ဖြစ်ပွားလေ့ရှိတဲ့ မျောက်ကျောက်ရောဂါဟာ အရည်ကြည်ဖုတွေထတာ၊ အဖျားဝေဒနာခံစားရတာ အစရှိတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားလေ့ရှိပါတယ်။
” ထိန်းချုပ်နိုင်တဲ့ အခြေအနေပါ။ လူအချင်းချင်း ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ချင်ပါတယ်။ ရောဂါကူးစက်ပြန့်ပွားလေ့မရှိတဲ့ နိုင်ငံတွေမှာ အဲဒီလိုမျိုး ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်” လို့ WHO ရဲ့ ဖြစ်ကာစရောဂါများဆိုင်ရာ အကြီးအကဲ မာရီယာဗန်ကက်ဟို့ဗ်က ပြောပါတယ်။
လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကို အာဖရိကပြင်ပ နိုင်ငံ ၁၆ နိုင်ငံမှာ တွေ့ရှိထားပါတယ်။ ဒါဟာ နှစ် ၅၀ အတွင်း အာဖရိကပြင်ပ နိုင်ငံတွေမှာ အကြီးမားဆုံး ကူးစက်ပြန့်ပွားမှုဖြစ်ပေမဲ့ လူတွေကြားမှာ အလွယ်တကူ ကူးစက်နိုင်ခြင်း မရှိပါဘူး။ မျောက်ကျောက်ရောဂါအန္တရာယ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နှိုင်းယှဉ်စရာအဆင့်မျိုး မဟုတ်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
” အသားချင်းထိမှပဲ ရောဂါကူးစက်နိုင်တာပါ။ ရောဂါကူးစက်ခံရသူအများစုကလည်း ရောဂါလက္ခဏာ မပြင်းထန်ပါဘူး”လို့ ဗန်ကက်ဟို့ဗ်က ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုဟာ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ မျိုးဗီဇပြောင်းလဲသွားတဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့ WHO ရဲ့ ကျောက်ရောဂါဌာန အကြီးအကဲ ရိုဆာမန်လူးဝစ်က ဆိုပါတယ်။
Ref: BBC ” Monkeypox virus outbreaks are containable – WHO”
Team (ရိုးရာလေး)