မိုးရေသောက်၊ စားကြွင်းစားကျန်စားပြီး သခင့်အလောင်းနားမှာ တစ်လကြာနေခဲ့တဲ့ ခွေးလေး

24-5-2022-yyl-07.jpg

ရဲတွေ ရောက်လာချိန်မှာ ဂန်းနားက လမ်းတောင် မလျှောက်နိုင်တော့ပါဘူး။ ဂန်းနားရဲ့ဘေးမှာတော့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကွယ်လွန်သွားခဲ့ဖွယ်ရှိတဲ့ သူ့သခင်ရဲ့ ရုပ်အလောင်း ရှိနေပါတယ်။

ဂန်းနားဟာ အိမ်အနောက်ဘက်မှာရှိတဲ့ ဇလုံ ၂ လုံးထဲက မိုးရေကိုသောက်၊ ရှာလို့ရတဲ့ စားကြွင်းစားကျန်လေးတွေ စားပြီး သခင့်အလောင်းဘေးနားကနေ တစ်ဖဝါးမခွာ နေခဲ့တာပါ။ ဇလုံ ၂ လုံး ရှိပေမဲ့ တစ်လုံးထဲမှာ ရေအရောင်က စိမ်းဖန့်ဖန့်ဖြစ်နေပြီး နောက်တစ်လုံးထဲက ရေကတော့ နည်းနည်းပိုသန့်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ဖုန်းဆက်သတင်းပေးမှုအရ အုတ်ကလာဟိုးမားကောင်တီ ရဲတပ်ဖွဲ့က ဒီအိမ်ကို လာစစ်ဆေးရင်း ဂန်းနားကို တွေ့ရှိခဲ့ပါတယ်။ ဂန်းနားဟာ အိမ်အနောက်ဘက် လှောင်အိမ်အကျယ်ကြီးထဲမှာ ရှိနေခဲ့တာပါ။ သူ့ကိုယ်မှာ သန်းတွေ၊ လှေးတွေ ထောင်ချီရှိနေပြီး အရမ်းကို ပိန်လှီဖျော့တော့နေလို့ လမ်းတောင် မလျှောက်နိုင်တော့ပါဘူး။ တကယ်လို့ နာရီပိုင်းလောက် နောက်ကျခဲ့မယ်ဆိုရင် ဂန်းနားကို အသက်ကယ်နိုင်တော့မှာ မဟုတ်ဘူးလို့ တိရစ္ဆာန်ကု ဆရာဝန်က ကောက်ချက်ချပါတယ်။

ရဲတပ်ဖွဲ့က ဂန်းနားကို Bella SPCA တိရစ္ဆာန်ကုဆေးရုံထံ ပို့ဆောင်ပေးခဲ့ပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေက တော်တော်ဆိုးရွားနေလို့ Bella SPCA ရဲ့ မိတ်ဖက် ဝုဒ်လိတ်တိရစ္ဆာန်ကုဆေးရုံထံ လွှဲပြောင်းကုသနေရပါတယ်။

ဂန်းနားရဲ့ ဆေးကုသစရိတ်အားလုံးကို Bella SPCA က အကုန်အကျခံမှာပါ။ ဒါပေမဲ့ ဂန်းနားအတွက် လှူဒါန်းပေးချင်သူတွေရှိရင် လှူနိုင်စေဖို့ ရန်ပုံငွေတစ်ရပ် ထူထောင်ထားပြီး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၂၂၀၀ ကျော် ရနေပါပြီ။ ဂန်းနားဆိုတာကတော့ Bella SPCA က ပေးထားတဲ့ နာမည်ဖြစ်ပြီး အရင်တုန်းက သူ့သခင် ခေါ်ခဲ့တဲ့နာမည်ကိုတော့ မသိပါဘူး။

ဂန်းနားရဲ့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာပြီး အစာ ပိုဝင်လာပြီ၊ လမ်းလျှောက်လာနိုင်ပြီဖြစ်ပေမဲ့ ဝမ်းနည်းနေဆဲ၊ စိတ်ရှုပ်ထွေးနေဆဲ ဖြစ်နေတယ်လို့ Bella SPCA ကို ပူးတွဲတည်ထောင်သူ မက်ကွန်းက ပြောပါတယ်။ဂန်းနား ကျန်းမာလာရင် သူ့သခင်ရဲ့ ဆွေမျိုးတွေထံ ပို့ပေးမှာဖြစ်ပြီး ဆွေမျိုးတွေက သူ့ကို မမွေးချင်ဘူးဆိုရင်တော့ တခြားမွေးချင်တဲ့သူတွေကို ပေးမှာပါ။ ဂန်းနားရဲ့သတင်းက အတော်လေး ပျံ့နှံ့သွားခဲ့လို့ သူ့ကို မွေးချင်တဲ့သူ ရှားမှာတော့ မဟုတ်ပါဘူး။

Ref: Newsweek ” Dog Survives on Rainwater, Food Scraps for a Month After His Owner Died”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top