တစ်နပ်စာကို ၁ ရူပီး (၁၅ ကျပ်နှုန်းနဲ့) ၁၄ နှစ်ကြာ ရောင်းချပေးခဲ့သူ

21-7-2022-20.jpg

လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက သူ့ဆိုင်မှာ ဆန်မုန့် လာဝယ်တဲ့ အမျိုးသမီးကို သူ ဘယ်တော့မှ မမေ့ဘူး။ အဲဒီနေ့က သူ့ဆိုင်မှာ ဆန်မုန့် ကုန်နေလို့ တိုရှည် ဝယ်သွားပါလားလို့ မေးလိုက်ချိန်မှာ စိတ်ပျက်အားငယ်မှုတွေ ဖုံးလွမ်းသွားတဲ့ အမျိုးသမီးရဲ့မျက်နှာကိုလည်း သူ မေ့မရပါဘူး။

တမီလ်နာဒူပြည်နယ်မှာ နေထိုင်တဲ့ ဗန်ကာတာရာမန်က အစိုးရဆေးရုံဘေးနားမှာ အစားအစာဆိုင်လေး ဖွင့်ထားပါတယ်။ အဲဒီအမျိုးသမီးရဲ့ ယောကျာ်းက ဆေးရုံတင်ထားရတာပါ။ သူက ရူပီး ၁၀ တန်လေး ကိုင်ပြီး သူ့ဆိုင်ကို စားစရာ လာဝယ်တာပါ။ ဆန်မုန့်က ရူပီး ၁၀ ဖိုး ၆ ခု၊ တိုရှည်က ရူပီး ၁၀ ဖိုး ၃ ခု ရောင်းတယ်။

တိုရှည် ၃ ခုတည်းဆိုရင် သူတို့လင်မယား ၂ ယောက် မဝဘူး၊ ဒါပေမဲ့ သူ့မှာလည်း ပိုက်ဆံမကျန်တော့လို့ အမျိုးသမီး ချီတုံချတုံဖြစ်ပြီး လှည့်ထွက်တော့မယ့်အချိန်မှာ ဗန်ကာတာရာမန်က ရူပီး ၁၀ ဖိုး၊ တိုရှည် ၆ ခု ယူသွားလို့ ပေးလိုက်တယ်။

အဲဒီနေ့ကစပြီး ချို့တဲ့နွမ်းပါးသူတွေအကြောင်း အမြဲတွေးမိနေတဲ့ ဗန်ကာတာရာမန်က ငွေကြေးခက်ခဲနေသူတွေအတွက် သူ့ဆိုင်မှာ တစ်နပ်စာကို ၁ ရူပီးနဲ့ရောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

တကယ်တော့ ဗန်ကာတာရာမန်ကိုယ်တိုင်လည်း ရထားလမ်းလုပ်သားတစ်ယောက်ရဲ့ သားဖြစ်လို့ လူချမ်းသာ မဟုတ်ပါဘူး။ သူ့သမီးကို ကောလိပ်ပို့ဖို့တောင် ငွေကြေး အခက်အခဲဖြစ်နေသူပါ။ ဒါပေမဲ့ သူ့ထက် ပိုခက်ခဲနေသူတွေကို သူ နိုင်သလောက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ဘာကြောင့် အလကားမကျွေးဘဲ ၁ ရူပီးနဲ့ ရောင်းသလဲဆိုတော့ ” လူတွေက အလကားရရင် တန်ဖိုးမထားတတ်ဘူးဗျ။ ပိုက်ဆံပေးပြီး ဝယ်ရတယ်ဆိုမှ တန်ဖိုးထားကြတာ” လို့ သူက ဆိုပါတယ်။

ဗန်ကာတာရာမန်ဟာ ၂၀၀၈ ခုနှစ်ကစပြီး သူ့ဆိုင်မှာ ချို့တဲ့နွမ်းပါးသူတွေအတွက် တစ်နပ်ကို ၁ ရူပီး ( ပုံမှန်လာစားသူတွေကတော့ တစ်နပ်ကို ရူပီး ၄၀ ကျသင့်)နဲ့ ရောင်းချပေးခဲ့တာပါ။

(ထိုစဉ်က ငွေလဲနှုန်းအရ အိန္ဒိယ ၁ ရူပီးလျှင် မြန်မာငွေ ၁၅ ကျပ်ဝန်းကျင်ဖြစ်သည်)

Ref: He Struggles to Pay His Daughter’s College Fees but Provides Meals to the Needy for Re. 1

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top