ကမ္ဘာ့အသက်ကြီးဆုံးပန်ဒါဝက်ဝံအထီးကြီး အသက် ၃၅ နှစ်အရွယ်မှာ သေဆုံး

22-7-2022-01.jpg

အသက် ၃၅ နှစ်မှာ သေဆုံးသွားခဲ့တဲ့ ကမ္ဘာ့အသက်ကြီးဆုံးပန်ဒါဝက်ဝံအထီးကြီး အန်အန်

ကြာသပတေးနေ့က အသက် ၃၅ နှစ်အရွယ် ကမ္ဘာ့အသက်ကြီးဆုံးပန်ဒါဝက်ဝံအထီးကြီး သေဆုံးခဲ့ပါတယ်။ ပန်ဒါဝက်ဝံကြီးကို နာမကျန်းဖြစ်တာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသွားစေဖို့ ဇီဝိန်ခြွေပေးခဲ့တယ်လို့ ဟောင်ကောင်အပန်းဖြေဥယျာဉ် Ocean Park က ပြောပါတယ်။ အန်အန် အမည်ရတဲ့ အဲဒီပန်ဒါဝက်ဝံကြီးရဲ့ကျန်းမာရေးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း သိသိသာသာဆုတ်ယုတ်လာခဲ့တာပါ။ အစားအသောက်နည်းလာပြီး အစာမစားတော့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပန်ဒါဝက်ဝံကြီး အန်အန်

အန်အန်နဲ့ ၂၀၁၆ခုနှစ် အသက် ၃၈ နှစ်အရွယ်မှာ သေဆုံးခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါဝက်ဝံမကြီး ကျာကျာတို့ဟာ တရုတ်အစိုးရဆီက ရရှိခဲ့တဲ့ လက်ဆောင်တွေပါ။ “အန်အန်ကို ဆုံးရှုံးလိုက်ရကြောင်း ကြေညာရတဲ့အတွက် Ocean Park က အလွန်ဝမ်းနည်းရပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Ocean Park ကို ပန်ဒါထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့ အခြေစိုက်စခန်းဖြစ်လာစေဖို့ ကူညီပေးခဲ့တဲ့ ကျာကျာနဲ့ အန်အန်တို့ကို ပြုစုစောင့်ရှောက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်မိတယ်လို့ အပန်းဖြေဥယျာဉ်က ပြောပါတယ်။

“အန်အန်က ကျွန်တော်တို့ရဲ့မရှိမဖြစ်မိသားစုဝင်တစ်ဦးဖြစ်ပြီး အပန်းဖြေဥယျာဉ်နဲ့အတူ ကြီးပြင်းလာခဲ့တာပါ။ ဒေသခံတွေနဲ့ရော ခရီးသွားဧည့်သည်တွေနဲ့ပါ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ထားတာပါ”လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။Ocean Park က ပန်ဒါဝက်ဝံမ ရင်ရင် နဲ့ ပန်ဒါဝက်ဝံထီး လီလီတို့အတွက် နေထိုင်ရာ အိမ်ဖြစ်နေတုန်းပါပဲ။ ၂၀၀၇ခုနှစ်က ရင်ရင်နဲ့ လီလီတို့ကလည်း တရုတ်အစိုးရဆီက လက်ဆောင်အနေနဲ့ ရရှိခဲ့တာပါ။

Ref: World’s Oldest Male Giant Panda Dies At The Age Of 35 In Hong Kong

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top