ဘိုင်ရာဗာမင်းသား ရာမ်ချာရန် ပါဝင်သရုပ်ဆောင်ထားတဲ့ RRR ဇာတ်ကားရဲ့ Naatu Naatu ဇာတ်ဝင်သီချင်းဟာ အကောင်းဆုံးမူရင်းသီချင်းဆုအမျိုးအစားနဲ့ အော်စကာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ Naatu Naatu သီချင်းက နိုင်ငံတကာဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာဆုပေးပွဲမှာ အခုလိုဆုကြီးကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအိန္ဒိယရုပ်ရှင်သီချင်းဖြစ်လာခဲ့ပါတယ်။
Naatu Naatu သီချင်းက Tell It like a Woman ဇာတ်ကားရဲ့ APPLAUSE သီချင်း၊ Top Gun: Maverick ဇာတ်ကားရဲ့ HOLD MY HAND၊ Black Panther: Wakanda Forever ဇာတ်ကားရဲ့ LIFT ME UP သီချင်းနဲ့ အော်စကာဆုများစွာဆွတ်ခူးသွားခဲ့တဲ့ Everything Everywhere All at Once ဇာတ်ကားရဲ့ THIS IS A LIFE သီချင်းတွေကို ကျော်ပြီး အော်စကာဆုကို ရရှိခဲ့တာပါ။
RRR ဇာတ်ကားက Hollywood Critics Association Awards ဆုပေးပွဲတုန်းကလည်း အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆုနဲ့ အခြားဆုကြီး ၃ ဆု ဆွတ်ခူးခဲ့ပါသေးတယ်။ Golden Globe Awards ဆုပေးပွဲမှာလည်း Naatu Naatu သီချင်းက အကောင်းဆုံးမူရင်းသီချင်းဆုရရှိခဲ့ပါသေးတယ်။
အရင်က သူ့ဇာတ်ကား အော်စကာဆုရမရ သူ့အစီအစဉ်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့ ဒါရိုက်တာက ဖြေကြားခဲ့ဖူးပါတယ်။ “RRR က အော်စကာဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ နောက်ဇာတ်ကားအတွက် ကျွန်တော့်ရဲ့အစီအစဉ်က ပြောင်းလဲမှာမဟုတ်ပါဘူး။ ရခဲ့ရင်တော့ အော်စကာက ဇာတ်ကားရဲ့စံနှုန်းမြှင့်တင်ပေးရာရောက်သလို နိုင်ငံအတွက်လည်း ခွန်အားဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ မရရင်တော့ ကျွန်တော် လုပ်နေတာတွေကိုတော့ ပြောင်းလဲစေမှာမဟုတ်ပါဘူး။ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်းအဆင့်မြှင့်တင်ဖို့ လိုပါတယ်။ ဇာတ်ကြောင်းပြောခြင်းဆိုင်ရာနည်းစနစ်တွေကို ကျွန်တော် အဆင့်မြှင့်တင်ရမယ်။ ကျွန်တော် ပြောချင်တဲ့အရာနဲ့ ကျွန်တော် လိုချင်တာတွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး”လို့ သူက ဆိုပါတယ်။
Ref: Naatu Naatu became the first song from an Indian film to win an Academy Award.
WL (ရိုးရာလေး)