တစ်ခါက ရပ်ကွက်တစ်ခုမှာ အငြိမ်းစားကျောင်းဆရာတစ်ယောက်နဲ့ အာမခံလုပ်ငန်းမှာလုပ်ကိုင်နေတဲ့ လူငယ်အမျိုးသားတစ်ယာက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်ရင်းနီးကြတဲ့ အိမ်နီးချင်းတွေ ဖြစ်ကြပါတယ်။
သူတို့နှစ်ယောက်ဟာ သစ်ပင်ပန်းမန်တွေစိုက်ပျိုးရတာ ဝါသနာပါပြီး ကိုယ်စီကိုယ်စီခြံထဲမှာ သစ်ပင်တွေကို စိုက်ပျိုးထားကြပါတယ်။ လူငယ်လေးက သူစိုက်ပျိုးထားတဲ့ သစ်ပင်တွေကို နေ့စဉ်နေ့တိုင်း အရိပ်တကြည့်ကြည့်နဲ့ ပေါင်းသင်ပြုပြင်လုပ်ပြီး ရေကိုလည်း ပုံမှန်လောင်းပေးပါတယ်။ အငြိမ်းစားကျောင်းဆရာကြီးကတော့ သူ့ရဲ့ပန်းပင်တွေကို ပုံမှန်ရေအနည်းငယ်လောက်ပဲ လောင်းပြီး လူငယ်လေးလောက် ဂရုစိုက်ခြင်းမရှိပါဘူး။
ဒီလိုနဲ့ နှစ်ယောက်စလုံး စိုက်ပျိုးထားတဲ့ သစ်ပင်တွေက တဖြည်းဖြည်းရှင်သန်ကြီးမားလာကြပါတယ်။ ကောင်လေးစိုက်ပျိုးထားတဲ့ သစ်ပင်တွေက အစိမ်းရောင်သမ်းကာ စိုစိုပြေပြေနဲ့ ကြည့်ရအလွန်ကောင်းပြီး ဆရာကြီးရဲ့ သစ်ပင်တွေကတော့ ကောင်လေးရဲ့ သစ်ပင်တွေလောက် အစိမ်းရောင်မသမ်းပေမဲ့ သန်သန်မာမာပါပဲ။
ညတစ်ညမှာတော့ ရုတ်တရက် လေနီကြမ်းတွေတိုက်ပြီး သည်းကြီးမည်းကြီးမိုးရွာပါတယ်။ နောက်တစ်နေ့မနက် မိုးစဲသွားတဲအခါမှာ လူငယ်လေးရော ဆရာကြီးရော နှစ်ယောက်စလုံးဟာ သူတို့စိုက်ပျိုးထားတဲ့ သစ်ပင်တွေရဲ့ အခြေအနေကို ကြည့်ဖို့ ခြံထဲကို ဆင်းလာကြပါတယ်။ လူငယ်လေးရဲ့ သစ်ပင်တွေအကုန်လုံးဟာ အမြစ်ကနေ ကျွတ်ထွက်နေပြီး သေလုနီးပါးဖြစ်နေပါတယ်။ ဒါပေမဲ့ ဆရာကြီးစိုက်ပျိုးထားတဲ့ အပင်တွေကတော့ အနည်းငယ်သာ ဒယိမ်းဒယိုင်ယိုင်နပြီး အများစုကတော့ သန်သန်မာမာ ကျန်ရှိနေတာကို အံ့ဩစွာတွေ့လိုက်ရပါတယ်။
အဲ့ဒီအခါ ကောင်လေးက ” ကျွန်တော်က ဆရာကြီးထက် ပိုပြီးတော့ အချိန်မှန်မှန်ရေလောင်းတယ်။ လိုအပ်တာထက်ပိုပြီး ဂရုစိုက်ပေးတယ်။ ဒါပေမဲ့ အခုကြည့်ပါဦး။ ကျွန်တော်စိုက်ပျိုးထားတဲ့ အပင်လေးတွေအကုန်လုံး အမြစ်ကနေကျွတ်ပြီး သေကုန်တော့မယ်။ ဆရာကြီးရဲ့ အပင်လေးတွေကတော့ အခြေအနေကောင်းကောင်းနဲ့ ရှင်သန်နေတုန်းပဲဗျ။ တော်တော် ထူးဆန်းတယ် ” လို့ ပြောလိုက်ပါတယ်။
အဲဒီအခါ ဆရာကြီးက တစ်ချက်ပြုံးလိုက်ပြီး အခုလိုပဲ ပြန်ပြောလိုက်ပါတယ် ” ကောင်လေး မင်းက အပင်လေးတွေကို နေ့စဉ်ပုံမှန်ရေလောင်းပေးတယ်။ အဲဒါအပြင် မလိုအပ်ဘဲနဲ့ မြေဩဇာတွေ ကျွေးခဲ့တယ်။ အဲဒီလိုမျိုး လိုအပ်နေတာထက်ပိုပြီးဂရုစိုက်ခဲ့တဲ့အခါကြတော့ မင်းအပင်လေးတွေရဲ့ အမြစ်တွေက ကိုယ်ပိုင်အစွမ်းအစနဲ့ အစာအဟာရတွေကို မြေကြီးထဲကနေ ဝေးဝေးလံလံရှာနေစရာမလိုတော့ အမြစ်တွေက ခပ်ဝေးဝေးမသွားတော့သလို မြေဆီလွှာကိုလည်း မြဲမြံအောင် မကုတ်ထားကြပါဘူး။ ငါ့ရဲ့ အပင်လေးတွေကတော့ သူတို့လိုအပ်တဲ့ ရေနဲ့ အစာအဟာရတွေကိုလည်း ကိုယ်တိုင်ရှာဖွေရတာကြောင့် အမြစ်တွေက အဝေးကိုသွားပြီး မြေဆီလွှာကိုလည်း ကုတ်ယူထားတယ်။ ဒီအကြောင်းပြချက်ကြောင့် မင်းရဲ့အပင်လေးတွေ အမြစ်ကျွတ်ပြီး သေလုနီးပါးဖြစ်ရတာပါ ” လို့ ဆရာကြီးက ဆိုလိုက်ပါတယ်။
ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အသိကတော့ မိဘတွေဟာ သားသမီးကိုစောင့်ရှောက်ကြတဲ့အခါမှာ ချစ်တဲ့စိတ်ကြောင့် သားသမီးလိုအပ်သမျှကို လိုအပ်တာမရှိအောင် ဖြည့်ဆည်းပေးတတ်ကြပါတယ်။ ဒါဟာ ချစ်တာမဟုတ်ဘဲ သားသမီးရဲ့ ဘဝလျှောက်လမ်းကို နှစ်ရာရောက်တတ်ပါတယ်။ သားသမီးတွေက လိုအပ်တာမှန်သမျှကို လွယ်လွယ်ကူကူရရှိနေတာကြောင့် ခက်ခက်ခဲခဲဘာမှမလုပ်ချင်ကြတော့တဲ့အပြင် အခက်အခဲနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ တွန်းလှန်နိုင်စွမ်း မရှိတော့ဘဲ ပျက်စီးဆုံးရှုံးရတတ်ပါတယ်။ မိဘတွေ သားသမီးတွေကို ဆုံးမလမ်းညွှန်တဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ချင်ကိုင်ချင်စိတ်ဖြစ်အောင်သင်ပေးပါ။ သူတို့လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးတာထက် သူတို့လိုအပ်တာတွေ လိုချင်တာတွေကို ဘယ်လိုဘယ်နည်းနဲ့ ရယူနိုင်မလဲဆိုတဲ့ နည်းလမ်းကို နည်းမှန်လမ်းမှန်သင်ကြားပြသပေးတာက သင့်သားသမီးတွေကို အနာဂတ်ကောင်းကောင်း ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
Ref: “Keeping the roots stronger”
Paradise (ရိုးရာလေး)