ကိုမာဝင်သွားတဲ့မိခင်ကို ကယ်တင်လိုက်တဲ့ မွေးကင်းစသမီးလေး

Shelly-at-the-hospital.jpg

မြောက်ကယ်ရိုလိုင်းနားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ အခုမှ ကလေးစမွေးဖူးတဲ့ အမျိုးသမီးတစ်ဦးဟာ အရေးပေါ်ခန်းထဲမှာ မိန်းကလေးငယ် ချောချောလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကလေးမွေးပြီးတဲ့နောက် နာရီ အနည်းငယ်ကြာတဲ့အခါတော့ သူဟာ ပြန်နိုးမလာတော့ပါဘူး။

ဆရာဝန်တွေဟာ သူ့အသက်ကို ဆုံးရှုံးလိုက်ရမှာကို စိုးရိမ်နေကြပါပြီ။ အသက်၂၃ နှစ်ရှိပြီဖြစ်တဲ့ ရှဲလ်လီ ကော်လေ (Shelley Cawley) အမည်ရတဲ့ သူ့ကို ဆရာဝန်တွေက တတ်နိုင်သမျှ အားလုံးလုပ်ပေးပြီးပါပြီ။ ဒါပေမဲ့ သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကတော့ သူပြန်နိုးထလာဖို့ ဆုတောင်းနေရတုန်းပါပဲ။ သူ့အတွက် နောက်နေ့ဆိုတာ မရှိတော့တဲ့ပုံ ဖြစ်နေပါပြီ။

ရှဲလ်လီရဲ့အမျိုးသား ဂျဲရ်မီ ကော်လေး (Jeremy Cawley) ဟာ အိပ်ရာဘေးမှာ မတ်တပ်ရပ်ရင်း ရှော့ခ်ရနေပါတယ်။ သူတို့ရဲ့ ကလေးအသစ်စက်စက်လေး ရိုင်လန် (Rylan) ကတော့ ကျန်းကျန်းမာမာနဲ့ ဆေးရုံရဲ့ မွေးကင်းစကလေး ထားရာ အခန်းထဲမှာ ရှိနေပါတယ်။ ဆေးရုံက သူနာပြုတစ်ဦးဖြစ်တဲ့ အရှ်လေး မာနော့စ် (Ashley Manus) က ကလေးကို အမေနဲ့ အသားချင်းထိတွေ့ပြီးထားဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီလိုလုပ်တာဟာ အမေအတွက်ရော ကလေးအတွက်ရော အများကြီး အထောက်အကူဖြစ်စေတယ်လို့ မာနော့စ်က ပြောပါတယ်။ မာနော့စ်နဲ့ ရှဲလ်လီရဲ့ သူနာပြုတို့ဟာ ရိုင်လန်လေးကို သတိလစ် မေ့မြောနေတဲ့ အမေရဲ့ ရင်ဘတ်နားမှာ ညင်ညင်သာသာလေး လဲလျောင်းပေးထားပါတယ်။

ကလေးရဲ့အသံကိုကြားရင်များ သတိလစ်နေတာကနေ ပြန်ကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမဲ့ ရိုင်လန်လေးဟာ အမေ့ရင်ခွင်ထဲမှာ ဇိမ်ကျပြီး ချက်ချင်းအိပ်ပျော်သွားပါတယ်။ သူနာပြုတွေက ကလေးနိုးအောင်လို့ ကလိတောင်ထိုးပါသေးတယ်။ ၁၀ မိနစ်လောက်ကြာတော့ ရိုင်လန်လေးက ရုတ်တရက်ကြီး ထအော်ပါတော့တယ်။ အဲဒီအခါ ရှဲလ်လီဟာ ဘယ်လိုပဲ သတိလစ် မေ့မြောနေပါစေ အမေတွေရဲ့ထုံးစံအတိုင်း နိုးလာပါတော့တယ်။

ရိုင်လန်လေးက အမေ့အသက်ကို ကယ်တင်ပေးခဲ့တာပါ။ ရှဲလ်လီဟာ နေပြန်ကောင်းဖို့ ဆေးရုံမှာ တစ်ပတ်လောက် ထပ်ကြာခဲ့ပြီး နောက်တော့ အမေရော၊ ကလေးရော ကျန်းကျန်းမာမာနဲ့ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ ဒီ အဖြစ်အပျက်လေးကနေတစ်ဆင့် ချစ်ခြင်းမေတ္တာဟာ အရာရာကို ကျော်လွှားအောင်နိုင်တယ်ဆိုတာကို ကျွန်မတို့ အထင်အရှား မြင်တွေ့နိုင်ပါတယ်။

Ref: www.elitereaders.com ” When a new mom falls into a coma, her baby does this to save her life”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top