ငယ်ငယ်က ဖြစ်ဖူးကြပါလိမ့်မယ်။ ကျောင်းမှာ ဆရာမက မေးခွန်းတစ်ခုခု မေးလိုက်မယ်။ တစ်တန်းလုံးက အဖြေတစ်ခုကို တညီတညွတ်တည်း ဖြေကြမယ်။ ဒါပေမဲ့ ကိုယ်သိတဲ့ အဖြေက အဲဒါမဟုတ်ဘူး။ ဒါပေမဲ့ ကျန်တဲ့ သူတွေအားလုံးက အဖြေတစ်ခုတည်း ဖြေကြတဲ့အခါ ကိုယ့်အဖြေ ပြောလိုက်ရင် လွဲသွားမလား၊ အဟားခံရမလား တွေးလာတယ်။ ဒီလိုနဲ့ မပြောဖြစ်တော့ဘူး။ ကိုယ့်အဖြေက မှန်နေရင်တောင်မှ မှားလည်း အကုန်လုံးနဲ့ အတူတူ အမှားခံလိုက်တော့မယ် ဆိုတာမျိုး တွေးတဲ့အထိ ဖြစ်လာမယ်။
ဒါ ပတ်ဝန်းကျင် ဖိအား၊ လူမှုဖိအားကို ရင်ဆိုင်ရတာပါ။ ကျွန်တော်တို့တွေဟာ ကွဲလွဲဖို့ ကြောက်ကြတယ်။ မိတ်ပျက်မှာ ကြောက်လို့၊ အငြိုငြင်ခံရမှာ ကြောက်လို့၊ လူအများနဲ့ ရောနေရင် အန္တရာယ်ကင်းလို့ ဆိုတာမျိုး တွေးကြတယ်။ ဒါနဲ့ပဲ ကိုယ် မလုပ်ချင်တဲ့ အရာတွေကို အများနဲ့ အတူတူ လိုက်လုပ်ကြတယ်။ ကိုယ် လုပ်ချင်တဲ့ အရာတွေကို အများကို ဆန့်ကျင်ပြီး မလုပ်ရဲကြတော့ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့တွေဟာ အများထဲက တစ်ယောက် ဖြစ်လာတယ်။ တခြားသူတွေနဲ့ ထူးမခြားနား ဖြစ်လာတယ်။
ဒါ တကယ်တော့ အန္တရာယ် ရှိတာပါပဲ။ ရှေးက လူတွေသာ ဒီလို ကွဲပြားခြားနားမှုတွေကို ထုတ်မပြဘဲ အများအတိုင်းနေခဲ့ရင် ကျွန်တော်တို့တွေ လက်ရှိအနေအထားထိ တိုးတက်လာမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘုရားရှင်သာ သိဒ္ဒတ္ထ မင်းသားဘဝမှာ ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ထီးနန်းစည်းစိမ်ကို စွန့်ပယ်ပြီး တောမထွက်ခဲ့ရင် တရားဓမ္မတွေကို ကျွန်တော်တို့ သိရှိခွင့်ရတော့မှာ မဟုတ်ဘူး။ သိပ္ပံပညာရှင်တွေသာ လက်ရှိအယူအဆတွေ ကို တင်းတိမ်ပြီး အသိပညာဆိုင်ရာ စိန်ခေါ်မှုတွေ၊ တီထွင်ဆန်းသစ်မှုတွေ မပြုလုပ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီးမှာ တိုးတက်ပြောင်းလဲမှုဆိုတာတွေ ရှားပါးသွားလိမ့်မယ်။
ဒီလို ပြောလို့ အများနဲ့ မတူတိုင်း ကောင်းတယ် ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနီးပါးနဲ့ ဆန့်ကျင်ပြီး ဂျူးလူမျိုး ခြောက်သန်းကို သတ်ခဲ့တဲ့ ဟစ်တလာလို လူတွေလည်း ရှိနိုင်ပါတယ်။ ဒီလို ကွဲလွဲမှုမျိုးကတော့ လူမဆန်တဲ့ ကွဲလွဲမှုမျိုး ဖြစ်သွားခဲ့ပါပြီ။
ပတ်ဝန်းကျင်တွေ၊ စံနှုန်းတွေ မှန်မမှန်ကို မေးခွန်းထုတ်ဖို့ လိုအပ်သလို ကိုယ့်ကိုယ်ကို အဆက်မပြတ် ဝေဖန်ဆန်းစစ်နေဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ဒီထက် ပိုကောင်းတဲ့၊ ပိုနေပျော်တဲ့ အသိုင်းအဝိုင်းကို ဖန်တီးနိုင်ကြမယ် မဟုတ်လား။
ကျော်သန့် (ရိုးရာလေး)