နွေရာသီမှာ ဆင်ခြင်စရာ

heat_large.jpg

အပူဒဏ် ပြင်းလာတာဟာ ပေါ့ပေါ့ပါးပါး သဘောထားရမယ့် ကိစ္စမဟုတ်ပါဘူး။ အဲဒီကနေ အပူရှပ်ဖျားတာ၊ ရေဓာတ်ခန်းတာ၊ အပူသင်တုန်းဖြတ် (heat stroke) တာ စတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားနိုင်ပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် နေပူပြင်းလှတဲ့ နွေရာသီမှာ ဆင်ခြင်စရာတွေကို ရိုးရာလေး မိတ်ဆွေတွေအတွက် မျှဝေလိုက်ရပါတယ်။

ရေဝအောင် သောက်ပါ

တစ်နေ့ကို ရေဖန်ခွက် (၈) ခွက်သောက်ပါ လို့ ညွှန်းကြတာ ကြားဖူးမှာပါ။ တကယ်တမ်းတော့ လူတစ်ဦးချင်းစီရဲ့ ရေဓာတ် လိုအပ်ချက်ဟာ ကိုယ်အလေးချိန်၊ နေ့စဉ် နေထိုင် စားသောက်ပုံပေါ် မူတည်ပြီး ကွာဟချက်တွေ ရှိပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများသူတွေ၊ နေပူထဲ ထွက်ရသူတွေ၊ ချွေးထွက်များသူတွေကတော့ ရေ ပိုသောက်ဖို့ လိုအပ်ပါတယ်။ ကော်ဖီတွေ၊ အချိုရည်တွေထက်  ရိုးရိုးသောက်ရေကိုသာ အလေးပေး သောက်သုံးပါ။

အသားတွေ လျှော့စားပါ

နေ့ခင်းပူအိုက်နေချိန်မှာ နေ့လည်စာစားတဲ့ အခါ ပရိုတိန်းဓာတ် (အသားဓာတ်) ပါဝင်မှုများတဲ့ အစားအသောက်တွေကို လျှော့စားသင့်ပါတယ်။ ဒီ အစားအစာတွေက ခန္ဓာကိုယ်မှာ ဇီဝကမ္မ အပူချိန် (metabolic heat) ကို မြင့်တက်စေပြီး ရေဓာတ် ဆုံးရှုံးစေလို့ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။

နေရောင်ခြည် ထိတွေ့မှုကို လျှော့ချပါ

နေပူထဲကို မဖြစ်မနေသွားရမယ်ဆိုရင် ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်တွေကို အသုံးပြု ဝတ်ဆင်ပါ။ ဖြစ်နိုင်ရင် နေရောင်ခံ လိမ်းဆေးတွေကို ရွေးချယ်သုံးစွဲပါ။

ဖက်ရှင်ကျဖို့ ထက် သက်တောင့်သက်သာရှိမှုကို ဦးစားပေးပါ

အဝတ်အစားတွေကို အဖြူရောင်၊ အရောင်ဖျော့ဖျော့တွေ ဦးစားပေးသုံးပါ။ ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်ပါ။

ကိုယ့် ခံနိုင်ရည် ကိုယ် သိပါ

အားကစားကို အသည်းအသန်လိုက်စားသူတွေ၊ နွေနေပူမှာ မဖြစ်မနေ အလုပ်လုပ်ရသူတွေ ရှိတတ်ပါတယ်။ တစ်ခါ တစ်ခါမှာ သူတို့တွေဟာ နေပူဒဏ်ကြောင့် မောဟိုက် မူးဝေနေတဲ့ ကြားက လုပ်စရာရှိတာတွေ အပြီးလုပ်ဖို့အတွက် အားတင်းပြီး ဆက်လုပ်ကြရတာတွေ ရှိတတ်ပါတယ်။ ကျန်းမာရေး ရှုထောင့်အရတော့ ဒါဟာ အန္တရာယ်များပါတယ်။ ရေရှည်မှာလည်း အလုပ်တွေ ဆက်လုပ်ရဦးမှာဆိုတော့ ကျန်းမာရေးကောင်းနေမှ ဖြစ်မှာပါ။ နားသင့်တယ် ထင်ရင် ခဏ နားလိုက်တာ အကောင်းဆုံးပါပဲ။

ဒီမှာ မပါသေးတဲ့ တခြား ဆင်ခြင်စရာ အချက်တွေ ရှိရင် တခြား စာဖတ်သူတွေလည်း သိရအောင် comment မှာ မျှဝေပြောပြသွားပါဦး။

Ref: WikiHow; “How to Stay Cool in Warm Weather”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top