ရာစုနှစ်အတွင်း အကြီးမားဆုံး စိန်ပွင့်ကြီးကို ဘော့စ်ဝါနာနိုင်ငံမှာ တူးဖော်တွေ့ရှိ

26.8.2024-yyl-2.jpg

ရာစုနှစ်အတွင်း အကြီးမားဆုံး စိန်ပွင့်ကြီးကို ဘော့စ်ဝါနာနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ကနေဒါကုမ္ပဏီ Lucara Diamond က X-ray နည်းပညာအသုံးပြုပြီး ရှာဖွေနေတဲ့ ကာရိုဝီမိုင်းတွင်းမှာ ၂၄၉၂ ကာရက်ရှိတဲ့ စိန်ပွင့်ကြီးကို ပြီးခဲ့တဲ့သီတင်းပတ်မှာ တွေ့ရှိခဲ့တာပါ။ ဒီစိန်ပွင့်ကြီးဟာ ရာစုနှစ်တစ်ခုကျော်ကာလအတွင်း ကမ္ဘာပေါ်မှာ တွေ့ရှိသမျှ စိန်ပွင့်တွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် ကမ္ဘာပေါ်မှာ တွေ့ရှိသမျှ အကြီးဆုံးစိန်ပွင့်ကြီးကတော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး ၃၁၀၆ ကာရက် ရှိပါတယ်။ Cullinan Diamond လို့ အမည်ပေးထားတဲ့ စိန်ပွင့်ကြီးကို အရည်အသွေးကောင်းတဲ့ စိန်ပွင့်ငယ်တွေအဖြစ် သွေးခဲ့ပြီး စိန်ပွင့်တချို့ကတော့ ဗြိတိန်ဘုရင်မကြီးရဲ့ သရဖူမှာ တပ်ဆင်ခဲ့တာပါ။

Lucara Diamond ကုမ္ပဏီဟာ တန်ဖိုးကြီးစိန်ပွင့်ကြီးတွေကို ရှာဖွေနိုင်ဖို့အတွက် ၂၀၁၇ ခုနှစ်ကစတင်ပြီး
Mega Diamond Recovery X-ray Transmission နည်းပညာကို စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အခုလို ဧရာမ စိန်ပွင့်ကြီး တွေ့ရှိခဲ့တဲ့အတွက် ဘော့စ်ဝါနာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေအတွက် ရန်ပုံငွေတွေ ပိုများလာလိမ့်မယ်လို့လည်း ဆိုကြပါတယ်။

အရင်တုန်းကလည်း ကာရိုဝီမိုင်းတွင်းမှာ ၁၇၅၈ ကာရက် စိန်ပွင့်၊ ၁၁၀၉ ကာရက် စိန်ပွင့် အစရှိတဲ့ စိန်ပွင့်ကြီးတွေ တူးဖော်တွေ့ရှိခဲ့ဖူးပါတယ်။ ဘော့စ်ဝါနာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စိန်အများဆုံး ထွက်ရှိတဲ့နိုင်ငံဖြစ်ပြီး ဘော့စ်ဝါနာနိုင်ငံရဲ့ ပို့ကုန် ၈၀ ရာခိုင်နှုန်းကလည်း စိန်တွေဖြစ်ပါတယ်။ နိုင်ငံဝင်ငွေရဲ့ ၃ ပုံ၊ ၁ ပုံဟာ စိန်တူးဖော်ရေးကနေ ရရှိနေတာပါ။

Ref: Second-Largest Diamond Ever Found is Unearthed in Botswana: A ‘Remarkable find’
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top