ခိုလှုံနေထိုင်ခွင့်ပေးမယ့်လူတွေနဲ့ ယူကရိန်းဒုက္ခသည်တွေကို ချိတ်ဆက်ပေးမယ့် ဝက်ဘ်ဆိုဒ်တစ်ခုဖန်တီးခဲ့တဲ့ ကျောင်းသား (၂) ဦး

21-3-2022-yyl09.jpg

ဟားဗက်တက္ကသိုလ်ကျောင်းသား ၂ ဉီးဟာ ယူကရိန်းဒုက္ခသည်တွေကို ကမ္ဘာတစ်ဝှမ်းက ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုပေးမယ့်လူတွေနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ပြီး ဝက်ဆိုဒ်တစ်ခုဖန်တီးခဲ့ပါတယ်။ ကျောင်းသား အက်ဗီ ဆချီဖ်မန်တစ်ယောက် ဆန်ဒီရေဂိုကို သွားရောက်လည်ပတ်စဉ် ယူကရိန်းအတွက် ဆန္ဒပြပွဲတစ်ခုကို ကြုံတွေ့မိတဲ့အချိန်မှာ အခုလိုစိတ်ကူးအကြံဉာဏ်ရလာခဲ့တာပါ။ အဲဒီမှာ ယူကရိန်းအခြေအနေတွေကို မျှဝေပြီး အကူအညီတောင်းခံနေတဲ့ ယူကရိန်း-အမေရိကန်နိုင်ငံသား ရာပေါင်းများစွာနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ရပါတယ်။

အသက် ၁၉ နှစ်အရွယ် ဆချီဖ်မန်က ပလက်ဖောင်းကြီးတွေနဲ့ ဝက်ဘ်ဆိုဒ်ဒီဇိုင်းဖန်တီးနည်းတွေကို သိတဲ့အတွက် သူတက်တဲ့ပညာနဲ့ ဘာလို့ အကူအညီမပေးနိုင်ရမှာလဲလို့ တွေးဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် သူက အမြန်ဆုံးအကောင်အထည်ဖော်နိုင်မယ့်နည်းကို ရှာဖွေခဲ့ပါတယ်။ကျောင်းပိတ်နေတုန်း အိမ်ပြန်ရောက်နေတဲ့ ဆချီဖ်မန်က သူ့ရဲ့စိတ်ကူးကို မျှဝေဖို့ အတန်းဖော် မာကို ဘာစတိုင်း (Marco Burtein) ကို ဆက်သွယ်ခဲ့ပါတယ်။ မာကိုက ကွန်ပျူတာသိပ္ပံအဓိကမေဂျာယူထားတဲ့အတွက် အချိန်မအားလပ်ပေးမဲ့ ဆချီဖ်မန်နဲ့အတူ ယူကရိန်းဒုက္ခသည်တွေကို အကူအညီပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

သူတို့နှစ်ဉီးက ဒုက္ခသည်တွေကို အထောက်အပံ့ပေးမယ့် ဝက်ဘ်ဆိုဒ်ကို ဒီဇိုင်းဆွဲတာ၊ တည်းဖြတ်တာ၊ ပြီးပြည့်စုံအောင် ပြုလုပ်ဖို့အတွက် အချိန် ၃ ရက်ကြာ စိတ်နှစ်လုပ်ဆောင်ခဲ့ကြပါတယ်။ Ukraine Take Shelter ဝက်ဘ်ဆိုဒ်ကို မတ်လ ၃ ရက်နေ့မှာ စတင်လည်ပတ်ခဲ့ပါတဘ်။ တစ်ပတ်အတွင်းမှာ လူ (၄၀၀၀) ကျော်က ယူကရိန်းဒုက္ခသည်တွေအတွက် နားခိုခွင့်ပေးမယ့် စာရင်းတွေ ပေးခဲ့ကြပါတယ်။ ဘေးကင်းဖို့ လိုအပ်ပြီး ထိုက်တန်တဲ့ ဒီဒုက္ခသည်တွေကို ကူညီဖို့ တစ်ခုခုလုပ်ပေးနေတဲ့ ကမ္ဘာ့တစ်ဝှမ်းက နိုင်ငံပေါင်းစုံကနေ လူအများအပြားကို မြင်တွေ့ရတာ တကယ့်စိတ်လှုပ်ရှားစရာပါပဲလို့ ဆချီဖ်မန်က ပြောပါတယ်။

ဆချီဖ်မန်က သူ့ရဲ့ပညာနဲ့ သူစိမ်းတွေကို ကူညီပေးတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူ။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ အစောပိုင်းကာလအတွင်းမှာ ကိုဗစ်-၁၉ရဲ့သက်ရောက်မှုကို ခြေရာခံဖို့ ဝက်ဘ်ဆိုဒ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီနှစ်တည်းမှာပဲ အမေရိကန်တစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ Black Lives Matter ဆန္ဒပြပွဲတွေကို သိနိုင်မယ့် ဝက်ဘ်ဆိုဒ်ကိုလည်း ရေးဆွဲခဲ့ပါတယ်။

အခုအချိန်အထိ Ukraine Take Shelter မှာ အသုံးပြုသူ ၁ သန်းကျော်နဲ့ စာရင်းပေးထားသူ ၂၅၀၀၀ ကျော်ရှိနေပါပြီ။ ကမ္ဘာတစ်ဝှမ်းက ရေတို-ရေရှည်အိမ်ရှင်တွေဟာ ယူကရိန်းဒုက္ခသည်တွေကို နေရာထိုင်ခင်း၊ အိမ်ခန်းကစပြီး အိမ်နဲ့ တိုက်ခန်းတွေအထိ သူတို့တက်နိုင်တဲ့အရာတိုင်း ပေးမှာဖြစ်ပါတယ်။ ဆချီဖ်မန်နဲ့ မာကိုတို့က Airbnb နဲ့ Vrbo လို အဓိကပလက်ဖောင်းတွေက စာရင်းတွေကို တစ်စုတစ်စည်းဖြစ်နိုင်မယ့် နည်းလမ်းအပြငင် အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက တင်ထားတဲ့ စာရင်းတွေကိုပါ ခွင့်ပြုမယ့် နည်းလမ်းကို လုပ်ဆောင်နေပါတယ်။ဆချီဖ်မန်နဲ့ မာကိုတို့ရဲ့ဝက်ဘ်ဆိုဒ်က ယူကရိန်းအစိုးရအပါအဝင် တော်တော်များများရဲ့အာရုံစိုက်မှုကို ရရှိထားပါတယ်။ “လေးစားရပါသော အာဗီ ဆချီဖ်မန်… မင်းရဲံအရေးပါတဲ့အလုပ်အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ ယူကရိန်းအစိုးရရဲ့တရားဝင် တွစ်တာအကောင့်က ရေးသားခဲ့ပါတယ်။

ဆချီဖ်မန်နဲ့မာကိုတို့က Ukraine Take Shelter ဝက်ဘ်ဆိုဒ်ကို ဒီဇိုင်းဆွဲရင်း သူတို့ရဲ့ဉီးစားပေးက လွယ်ကူစွာအသုံးပြုလို့ရအောင် ပြုလုပ်ဖို့ပါပဲ။ ဝက်ဘ်ဆိုဒ်ဒီဇိုင်းက ရိုးရှင်းပါတယ်။ ဒုက္ခသည်တွေကို သူတို့ထွက်ပြေးချင်တဲ့ အနီးဆုံးမြို့ကို ဝင်ရောက်လာပြီးတဲ့နောက် ဝက်ဘ်ဆိုဒ်မှာ နေရာထိုင်ခင်းအကြောင်း ဖော်ပြချက်တစ်ခုစီနဲ့ ခိုလှုံနားခိုလို့ရမယ့် စာရင်းတွေကို သူတို့ ရှာလို့ရပါတယ်။ ပြီးရင် စာရင်းပေးထားသူရဲ့ကိုယ်ရေးအချက်အလက်၊ ဆက်သွယ်လို့ရမယ့်အချက်အလက်တွေကို ရယူဖို့ ဖုန်း (သို့) Email ခလုတ်ကို နှိပ်လို့ရနိုင်ပါတယ်။ ဝက်ဘ်ဆိုဒ်ကို ယူကရိန်းဘာသာစကား၊ ဂျာမန်ဘာသာစကားနဲ့ ပိုလန်ဘာသာစကားအပါအဝင် ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုထားပါတယ်။

လူကုန်ကူးသူတွေက ဒုက္ခသည်တွေအပေါ်အခွင့်ကောင်းယူနိုင်တဲ့အတွက် ဒီအန္တရာယ်ကို လျော့ပါးသက်သာစေဖို့ Ukraine Take Shelter မှာ ဒုက္ခသည်တွေက နားခိုခွင့်ပေးမယ့်အိမ်ရှင်တွေဆီ ဘယ်လို ဘေးကင်းစွာ ဆက်သွယ်ရမယ်၊ Video Call ခေါ်ဆိုမှုတစ်ခု ဘယ်လိုတောင်းဆိုရမလဲ၊ ဖြစ်နိုင်သလောက် အနီရောင်အလံတွေကို ဘယ်လိုမှတ်သားထားရမလဲဆိုတာတွေနဲ့ပတ်သက်ပြီး ဒုက္ခသည်တွေကို လမ်းညွှန်ဖို့ စာရင်းတစ်ခုစီမှာ သတိပေးချက်တွေပါဝင်ပါတယ်။ မေးမြန်းရမယ့် နမူနာမေးခွန်းတွေကိုလည်း ပေးထားပါတဘ်။ ဝက်ဘ်ဆိုဒ်ကို ခိုင်မာတဲ့ဆိုက်ဘာလုံခြုံရေးနဲ့ ဖန်တီးထားကြောင်း သေချာဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့ ဆချီဖ်မန်နဲ့ မာကိုတို့က ပြောပါတယ်။ သူတို့နှစ်ဉီးက ဒုက္ခသည်တွေဘေးကင်းရေးကို ပိုမိုအာမခံချက်ပေးဖို့အတွက် စာရင်းအားလုံးကို စစ်ဆေးအတည်ပြုဖို့ အဓိကကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

လူတော်တော်များများကလည်း အစားအစာ၊ အဝတ်အထည်လို အခြေခံလိုအပ်ချက်တွေနဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးကြပါတယ်။ အခြားသူတွေက ကလေးထိန်းအလုပ်ကမ်းလှမ်းကြပါတယ်။ နေစရာအိမ်မပေးနိုင်တဲ့လူတွေက ပိုက်ဆံလှူဒါန်းပေးတာမျိုးတွေလုပ်ကြပါတယ်။

Ref: CNN “‘I couldn’t sit there and do nothing’: These teens created a website matching Ukrainian refugees with hosts offering shelter”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top