ထိုင်ထ ၁၀၀၀ လုပ်ခိုင်းတဲ့ ဆရာကြောင့် ကလေးငယ်တစ်ဦး တစ်ဘဝလုံး မသန်စွမ်းဖြစ်မယ့် အခြေအနေ ရင်ဆိုင်နေရ

4.10.2024-yyl-3.jpg

ထိုင်ထ ၁၀၀၀ အကြိမ်လုပ်ခိုင်းပြီး အပြစ်ပေးတဲ့ ဆရာတစ်ဦးကြောင့် တရုတ်ကလေးငယ်တစ်ဦးဟာ တစ်ဘဝလုံး မသန်စွမ်းဖြစ်မယ့် အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံ ရှန်တုန်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် တရုတ်ကလေးငယ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ၇ ရက်စခန်း သွားတက်ရင်း အခုလို ဖြစ်ခဲ့တာပါ။

ကျောင်းဆင်းပွဲနေ့ ဓာတ်ပုံတွေ ရတဲ့အခါ သားဖြစ်သူက ဝမ်းနည်းနေပုံရပြီး မျက်လုံးတွေလည်း နီနေတာကို မိဘတွေက သတိထားမိခဲ့ပါတယ်။ ပြီးတော့ ခြေထောက်တစ်ဖက် မထောက်နိုင်သလိုလည်း ဖြစ်နေပါတယ်။ ၇ ရက်စခန်း စီစဉ်သူတွေကို အကျိုးအကြောင်း မေးမြန်းတဲ့အခါ အစစအရာရာ အဆင်ပြေတယ်လို့ ပြောပေမဲ့ သားဖြစ်သူကို သွားခေါ်ချိန်မှာတာ့ အခြေအနေက တော်တော်ဆိုးနေပါပြီ။

ကလေးငယ်က မတ်တတ်မရပ်နိုင်လို့ မိဘတွေကို ခုံမြင့်ပေါ်မှာ ထိုင်စောင့်နေရတာပါ။ မိဘတွေက မေးမြန်းကြည့်တဲ့အခါ ကျောင်းဆင်းပွဲမတိုင်ခင် တစ်ရက်က လေ့ကျင့်မှုတွေ လုပ်နေတုန်း စကားပြောမိလို့ ဆရာတစ်ယောက်က ထိုင်ထ အကြိမ် ၁၀၀၀ လုပ်ခိုင်းပြီး အပြစ်ပေးခဲ့တာလို့ ကလေးငယ်က ထုတ်ပြောပါတယ်။

ကလေးငယ်ဟာ ထိုင်ထ အကြိမ် ၂၀၀ လုပ်ပြီးချိန်မှာ ခြေထောက်နာကျင်လာလို့ မြေပြင်ပေါ် လဲကျသွားခဲ့ပေမဲ့ ဆရာလုပ်သူက မကူညီတဲ့အပြင် သူ့ကို ကန်ကျောက်ခဲ့ပါသေးတယ်။ ဒီအကြောင်း သိပြီးချိန်မှာ မိဘတွေက ကလေးကို ကျားရှင်းကောင်တီ ပြည်သူ့ဆေးရုံ တင်ပို့ခဲ့ကြပါတယ်။ ကနဦး စစ်ဆေးမှုတွေအရ ကြွက်သားနာကျင်မှု ဖြစ်သွားတာလို့ ဆိုပေမဲ့ နောက်ရက်တွေမှာတော့ ကလေးငယ်က မခံမရပ်နိုင်အောင် နာကျင်ပြီး ညဘက်တွေပါ အိပ်မပျော်လို့ သူ့ကို ကျီနင်ဆေးကောလိပ်ဆေးရုံ တင်ပို့ခဲ့ရာမှာ ကြွက်သားထိခိုက်ပျက်စီးသွားတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။

ဒါဟာ အချိန်တိုအတွင်း ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်လို့ ဖြစ်တဲ့ အခြေအနေမျိုးပါ။ ဒီအခြေအနေမှာ ကုသမှုမလုပ်ဘူးဆိုရင် အသည်းနဲ့ ကျောက်ကပ်တွေပါ ထိခိုက်ပျက်စီးနိုင်ပါတယ်။

ကလေးငယ်ဟာ ၁၃ ရက်ကြာ ဆေးရုံတက် ကုသခဲ့ရပြီးနောက် ဆေးရုံ ပြန်ဆင်းနိုင်ခဲ့ပေမဲ့ အကောင်းပကတိတော့ ပြန်လည်သက်သာလာခြင်း မရှိသေးပါဘူး။ ခြေထောက် ကြွက်သားတွေ ကျုံလှီအားနည်းသွားလို့ အသည်းနဲ့ ကျောက်ကပ်ထိခိုက်မှုတွေပါ ခံစားခဲ့ရပါတယ်။ ကလေးမိဘတွေက ၇ ရက်စခန်း စီစဉ်သူတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ သူတို့ဘက်က အမှားမလုပ်မိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ အခြားကလေးတွေကပါ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေအကြောင်း ထုတ်ပြောလာချိန်မှာတော့ စီစဉ်သူတွေက ဝန်ခံခဲ့ပြီး လက်ရှိအချိန်မှာ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။

Ref: Teen Boy Faces Lifetime Disability After Being Forced to Do 1,000 Squats by Teacher
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top