ဟိုတယ်အောက်ကနေ ရှေးဟောင်းရဲတိုက် အစိတ်အပိုင်းတွေ တူးဖော်တွေ့ရှိ

5.4.24-yyl-5.jpg

ပြင်သစ်နိုင်ငံ ဗန်းနက်စ်မြို့ရဲ့ ဟိုတယ်အောက်ကနေ ရှေးဟောင်းရဲတိုက်တစ်လုံးရဲ့ အကောင်းပကတိအတိုင်း ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဗန်းနက်စ်မြို့ အနုပညာပြတိုက် မတည်ဆောက်မီ ရှေးဟောင်းအမွေအနှစ် ကြိုတင်ကာကွယ်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် Hôtel Lagorce အောက်ကို တူးဖော်ခဲ့တာပါ။

Hôtel Lagorce ဟာ ၁၈ ရာစုမှာ တည်ဆောက်ခဲ့တဲ့ စံအိမ်ဟောင်းတစ်လုံးကို ဟိုတယ်အဖြစ် ပြန်လည်မွမ်းမံဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၃ ပေအမြင့်ရှိတဲ့ ကမ်းပါးထိပ်မှာ တည်ဆောက်ထားတာပါ။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ ဧပြီလကြား တူးဖော်ရှာဖွေမှု ပထမအဆင့်အဖြစ် ကမ်းပါးအောက်ကို တူးဖော်ရာမှာ အလျား ၅၅ ပေ၊ အနံ ၁၄၀ ပေရှိပြီး ၄ ထပ်ဖြစ်ဖွယ်ရှိတဲ့ ရဲတိုက်ကို တူးဖော်တွေ့ရှိခဲ့တာပါ။

ရဲတိုက်ကို ကာကွယ်ရေးပစ္စည်းတွေနဲ့ ချိတ်ဆက်ထားတာကြောင့် ပိုမိုကြီးမားထည်ဝါပါတယ်။ အဲဒီရဲတိုက်ကို ၁၃၈၀ ပြည့်နှစ်မှာ ဘရစ်တနေမြို့စားကြီးက တည်ဆောက်ခဲ့တာဖြစ်ပြီး Château de l’Hermine လို့ အမည်ပေးထားပါတယ်။ ဗန်းနက်စ်မြို့ကို နှစ်ဆ ချဲ့ထွင်တဲ့ စီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ် တည်ဆောက်ခဲ့ပေမဲ့ ၁၄၇၀ ပြည့်နှစ်မှာတော့ ဗန်းနက်စ်မြို့ကို စွန့်ခွာပြီး နန့်စ်မြို့ကို ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။

ကမ်းပါးအောက်ကနေ အခမ်းအနားတွေအတွက် အသုံးပြုတဲ့ လှေကားတွေ၊ ပြတင်းပေါက်တွေ၊ ရေအိမ်တွေ၊ မြောင်းပေါက်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ ရဲတိုက်ထောင့် ကင်းမျှော်စင်အနီးမှာတော့ ရေအားစွမ်းအင်အတွက် အသုံးပြုတဲ့ ရေဒလက်ကြီးကို တွေ့ရပါတယ်။ မာလီမြစ်က ရေတွေကို တူးမြောင်းကနေတစ်ဆင့် သွယ်ယူပြီး ရေအားစွမ်းအင် ထုတ်လုပ်အသုံးပြုခဲ့တာပါ။ ရဲတိုက်ပတ်လည်မှာ ကျုံးတူးထားပြီး ရေဒလက်ကို ဖြတ်ကျော်စီးဝင်လာတဲ့ရေတွေက ကျုံးထဲကို ရောက်မှာပါ။

ရဲတိုက်ထဲကနေ အိုးတွေ၊ ခွက်တွေ၊ သစ်သားအစိတ်အပိုင်းတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ဒင်္ဂါးပြားတွေ၊ ဗီရို၊ ထိုင်ခုံအစရှိတဲ့ ပရိဘောဂပစ္စည်း အကြွင်းအကျန်တွေ၊ သော့တွေ၊ အဝတ်အထည်တွေ၊ ဖိနပ်တွေ၊ နံရံပန်းချီ ရေးဆွဲထားတဲ့ ကြွေထည်တိုင်လုံးတွေကိုလည်း တူးဖော်တွေ့ရှိခဲ့ကြပါတယ်။

Ref:Hotel Excavation Reveals Medieval Castle with Moat and Stones That Look Like They Were Laid Yesterday

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top