ပင်လယ်ထဲမှာ လေမှုတ်ဖောင်နဲ့ ၆၇ ရက်ကြာ မျောပါခဲ့ပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ ရုရှားအမျိုးသား

25.10.2024-yyl-1.jpg

ရုရှားအမျိုးသားတစ်ယောက်ဟာ လေမှုတ်ဖောင်စီးပြီး ပင်လယ်ထဲ ၆၇ ရက်ကြာ မျောပါခဲ့ပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်မှာ အသက် ၄၆ နှစ်အရွယ် ရုရှားအမျိုးသား ပီချူဂင်ဟာ အသက် ၄၉ နှစ်အရွယ် အစ်ကိုဖြစ်သူ ဆာဂိုင်း၊ ၁၅ နှစ်အရွယ် တူဖြစ်သူ အယ်လာတို့နဲ့အတူ လေမှုတ်ဖောင်စီးပြီး ဆာခါလင်ကျွန်းကို ထွက်ခွာခဲ့ကြပါတယ်။

ရက်ပိုင်းကြာတဲ့အထိ ကျွန်းကို မရောက်လို့ မိသားစုတွေက လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး ရဟတ်ယာဉ်တွေနဲ့အတူ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဖောင်ကို အရိပ်အယောင်တောင် မတွေ့ရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သူတို့ကို အသက်ရှင်လျက် ပြန်တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း နည်းလာခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ ရက်မှာတော့ သူတို့စတင်ထွက်ခွာခဲ့တဲ့နေရာကနေ မိုင် ၆၇၀ ဝေးတဲ့ အိုကော့စ်ပင်လယ်ထဲမှာ သူတို့ရဲ့ဖောင်ကို တွေ့ခဲ့ပါတယ်။ သူတို့ ၃ ယောက်ထဲမှာ ပီချူဂင်ကတော့ အသက်ရှင်နေတုန်းပါပဲ။ သူ့ရဲ့ဖောင်ကို ငါးဖမ်းသင်္ဘောတစ်စီးက တွေ့ခဲ့တာပါ။ ပီချူဂင်က ငါးဖမ်းသင်္ဘောက ပစ်ပေးတဲ့ကြိုးကို ဖမ်းဆုပ်နိုင်စွမ်း မရှိသလို စကားပြောဖို့တောင် အားမရှိတော့ပါဘူး။

သူတို့ဟာ ရုရှားနိုင်ငံ အရှေ့ဖျားက အေးခဲနေတဲ့ ရေပြင်ထဲ မျောပါနေချိန်မှာ ခေါက်ဆွဲခြောက်နဲ့ ပဲစေ့စား ရေသောက်ပြီး အသက်ရှင်ခဲ့ရတာပါ။ တူဖြစ်သူ အယ်လာက စက်တင်ဘာလမှာ ကွယ်လွန်ခဲ့ပြီး ပီချူဂင်တို့ ညီအစ်ကို နှစ်ယောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ဟာ တစ်ဖက်တည်းကို စောင်းအိပ်ရတာကြောင့် အပူလောင်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဆာဂိုင်ဟာ သူ့ဒဏ်ရာတွေကို ဆေးကြောဖို့ ကြိုးစားရင်း ရေထဲကျသွားလို့ ပီချူဂင်က ဖောင်ပေါ် ပြန်ဆွဲတင်ခဲ့ရပါသေးတယ်။

ဒါပေမဲ့ ဆာဂိုင်ဟာ သိပ်မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ပီချူဂင်က သူ့အစ်ကိုနဲ့ သူ့တူရဲ့ အလောင်းတွေကို ဖောင်မှာ ချည်ထားခဲ့ပြီး တစ်ဖက်တစ်ချက်စီမှာတောင် အရောင်တောက်တောက် ဂျက်ကင်အင်္ကျီတွေကို ထောင်ထားခဲ့ပါတယ်။ ဖြတ်သွားဖြတ်လာ သင်္ဘောတွေ၊ လေယာဉ်တွေက သူ့ကို သတိပြုမိအောင်လို့ပါ။

ပီချူဂင်ဟာ အေးခဲနေတဲ့ ပင်လယ်ပြင်ထဲမှာ ဒီလောက်အချိန်ကြာကြာ အသက်ရှင်နိုင်ခဲ့တာ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ် ကြီးထွားမှုကြောင့် ဒဏ်ပိုခံနိုင်တာဖြစ်မယ်လို့ သူ့ရဲ့ဇနီးက ဆိုပါတယ်။ ပေါင် ၂၂၀ ရှိတဲ့ သူ့ခန္ဓာကိုယ်ကတော့ ငါးဖမ်းသင်္ဘောနဲ့တွေ့ချိန်မှာတော့ ပေါင် ၁၁၀ ပဲ ကျန်ပါတော့တယ်။

ပီချူဂင်ဟာ စိတ်ငြိမ်သက်မှု အားနည်းတဲ့ အခြေအနေရှိနေတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ အခုချိန်မှာတော့ ပီချူဂင်ဟာ လုံခြုံရေးစည်းမျဉ်း ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။

Ref: Russian Man Miraculously Survives 67 Days Adrift in Inflatable Boat
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top