နယူးရော့ခ်ပြည်နယ်က Rockland County မှာ ဝက်သက်ရောဂါကြောင့် အရေးပေါ်အခြေအနေ ကြေညာထား

1280x720_90128C00-EIIOY-1-1024x576.jpg

ဒေသခံ (၁၀၀) ကျော်လောက်ဆီမှာ ဝက်သက်ရောဂါလက္ခဏာတွေတွေ့ခဲ့ရတာကြောင့် ရော့ခ်လန်းဒ် စီရင်စုရဲ့အာဏာပိုင်တွေက ဒီနေ့မနက်အစောပိုင်းမှာ အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာလိုက်ပါပြီ။ ဝက်သက်ကာကွယ်ဆေး ထိုးထားခြင်းမရှိသေးတဲ့ အသက် (၁၈) နှစ်အောက် ဘယ်သူ့ကိုမဆို ဝက်သက်ကုသဆေးမထိုးရမချင်း (သို့) အရေးပေါ်ကာလမကုန်မချင်း အများပြည်သူသွားလာ စုဝေးတတ်တဲ့နေရာတွေဆီ လုံးဝမသွားရောက်ဖို့ကိုလည်း အပြင်းအထန်တားမြစ်လိုက်ပါတယ် ။

ကာကွယ်ဆေးထိုးဖို့ပျက်ကွက်ထားတဲ့မိဘတွေရှိနေရင် ထောင်ဒဏ် (၆) လနဲ့ ဒဏ်ငွေ ဒေါ်လာ (၅၀၀) ပြစ်ဒဏ်ကျခံရမယ်

တရားရေးဌာနအနေနဲ့ ဝက်သက်ကာကွယ်ဆေးထိုးမှတ်တမ်းကိုတောင်းကြည့်နေမှာမဟုတ်ဘဲ ပျက်ကွက်ထားတဲ့မိဘတွေရှိနေရင် ထောင်ဒဏ် (၆) လနဲ့ ဒဏ်ငွေ ဒေါ်လာ (၅၀၀) ပြစ်ဒဏ်ကျခံရမယ်လို့ ရော့ခ်လန်းဒ် စီရင်စုရဲ့ အုပ်ချုပ်ရေးအမှုဆောင် အဒ် ဒေး (Ed Day) က ဆိုလိုက်ပါတယ်။ ကာကွယ်ထိုးလို့မရကြောင်း ဆေးဘက်ဆိုင်ရာ ထောက်ခံချက်ရှိသူတွေကိုတော့ လွတ်ငြိမ်းခွင့်ပေးမှာပါ။

ကာကွယ်ဆေးထိုးမထားတဲ့အသက် (၁၈) နှစ်အောက် ဘယ်သူ့ကိုမဆို အများပြည်သူသွားလာ စုဝေးတတ်တဲ့နေရာတွေဆီ လုံးဝမသွားရောက်ဖို့ကိုလည်း အပြင်းအထန်တားမြစ်လိုက်ပါပြီ

လက်ရှိရောဂါဖြစ်ပွားနေသူတွေအတွက် ကာကွယ်ကုသမှုတွေကို အခမဲ့လုပ်ဆောင်ပေးဖို့ ရော့ဒ်လန်းကျန်းမာရေးဌာနကို ပိတ်ရက်မရှိဖွင့်ထားမယ်လို့သိရပြီး ရောဂါဖြစ်ပွားမှုအခြေအနေကို တိတိကျကျသိရဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းသူတွေထံကိုလည်း အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးသွားမယ်လို့ ဆိုထားပါတယ်။

နယူးရော့ခ်ပြည်နယ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားမှုက အောက်တိုဘာလကတည်းက စခဲ့တာဖြစ်ပြီး ကူးစက်ခံရသူအရေအတွက်ကလည်း နိုင်ငံတွင်းက တခြားပြည်နယ်တွေထက် ပိုများခဲ့ပါတယ်။ မတ်လ ပထမပတ်အတွင်းမှာ ရောဂါကူးစက်ခံရမှု (၂၇၅) ခုရှိခဲ့ပြီး ကူးစက်ခံရမှုက ဆက်ပြီးတိုးလာနေဆဲပါ။

ဝက်သက်ကာကွယ်ဆေးဟာ ဝက်သက်ရောဂါဖြစ်ပွားမှုအတွက် (၉၇) ရာခိုင်နှုန်းထိ အကျိုးရှိထိ ရောက်စေကြောင်း ကျန်းမာရေးဌာနတွေက တရားဝင်ထုတ်ပြန်ထားပါတယ်။ ပြင်းထန်တဲ့ဝက်သက်ရောဂါအခြေအနေကို အများဆုံးကူးစက်ခံရနိုင်သူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အသက် (၆) လအောက်ကလေးငယ်တွေနဲ့ ရောဂါပိုးကိုယဉ်ပါးနေသူတွေ အများဆုံးပါနေတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးမပေါ်သေးတဲ့ ၁၉၆၀ မတိုင်ခင်ကာလတွေကတော့ နှစ်စဉ်တိုင်း လူ (၄) သန်းလောက် ဝက်သက်ရောဂါကူးစက်ခံရပြီး အဲဒီအထဲကမှ လူ (၅၀၀၀၀) လောက်ကဆေးရုံတင်ရကာ သေဆုံးသူကတော့ (၅၀၀) ထိရှိခဲ့ဖူးပါတယ်။

ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့အချက်အလက်တွေအရ ၂၀၁၈အတွင်း ဝက်သက်ရောဂါဖြစ်ပွားမှုက ပြည်နယ် (၂၆) ခုမှာ စုစုပေါင်း (၃၄၉) ခုရှိခဲ့ပြီး အခု ၂၀၁၉ မှာတော့ ပြည်နယ် (၁၅) ခုမှာတင် (၃၁၄) ခုထိရှိလာတာကို တွေ့ရပါတယ်။

တစ်နှစ်ထက်တစ်နှစ် ရောဂါဖြစ်ပွားမှုနှုန်းတိုးလာနေတာဟာ ဆေးထိုးရမှာကြောက်တတ်သူတွေနဲ့လည်း တစ်စိတ်တစ်ပိုင်းသက်ဆိုင်နေတယ်

ကျန်းမာရေးသတင်းဌာန Kaiser ကေ ဒီလိုမျိုး တစ်နှစ်ထက်တစ်နှစ် ရောဂါ ဖြစ်ပွားမှုနှုန်းတိုးလာနေတာဟာ ဆေးထိုးရမှာကြောက်တတ်သူတွေနဲ့လည်း တစ်စိတ်တစ်ပိုင်းသက်ဆိုင်နေတယ်လို့ ဖော်ပြထားပါသေးတယ်။

Ref: ABC News “New York’s Rockland County declares measles state of emergency”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top