မူးယစ်ဆေးနဲ့ လောင်းကစား စွဲနေတဲ့ သားဖြစ်သူရဲ့ ရန်ရှာမှုကို မခံနိုင်တဲ့အဆုံး ထိုင်းအမျိုးသမီးဟာ သူ့အိမ်ထဲမှာ အကျဉ်းခန်း ဆောက်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သားဖြစ်သူရဲ့ ခြိမ်းခြောက်ငွေတောင်းမှုတွေ ခံခဲ့ရတာပါ။ အခုချိန်မှာ သားဖြစ်သူက အသက် ၄၂ နှစ်အရွယ် ရှိနေပြီဖြစ်ပေမဲ့ မူးယစ်ဆေးနဲ့ လောင်းကစားနွံကနေ ရုန်းမထွက်နိုင်သေးပါဘူး။
ထိုင်းနိုင်ငံ တစ်ဝန်းမှာရှိတဲ့ ပြုပြင်ထိန်းသိမ်းရေးစခန်း ၁၀ ခုလောက်ကို ပို့ခဲ့ပေမဲ့လည်း အခြေအနေက ထူးခြားမလာဘဲ ပိုပိုသာ ဆိုးလာခဲ့တာပါ။ ” နှစ် ၂၀ လုံးလုံး စိုးတထိတ်ထိတ်နဲ့ နေခဲ့ရတာပါ။ ယောကျာ်းဆုံးသွားကတည်းက သားနဲ့ပဲ နေခဲ့တာပါ။ ယောကျာ်းကလည်း သားစိတ်နဲ့ပဲ ဆုံးသွားခဲ့ရတာပါ။ ဒီတော့ ကျွန်မနဲ့ အိမ်နီးနားချင်းတွေ လုံခြုံရေးအတွက် အိမ်ထဲမှာ အကျဉ်းခန်းဆောက်ပြီး သူ့ကို ထည့်ထားရတာပါ”လို့ မိခင်ဖြစ်သူက ဆိုပါတယ်။
သံတိုင်တွေ တပ်ထားတဲ့ အကျဉ်းခန်းထဲမှာ အိပ်ယာ၊ ရေချိုးခန်းရှိပြီး အင်တာနက်လည်း ရပါတယ်။ စားစရာ၊ သောက်စရာတွေ ပို့ဖို့ အပေါက်ငယ်တစ်ပေါက် ဖောက်ပေးထားပေမဲ့ သူ့သားရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ အခန်းထဲမှာတော့ CCTV တပ်ထားပါတယ်။
မိခင်ဖြစ်သူ အကျဉ်းခန်း ဆောက်ထားတာကို ထိုင်းရဲတပ်ဖွဲ့က ဘယ်လို တွေ့ရှိသွားသလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ တကယ်လို့ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေနဲ့မညီတဲ့ ထိန်းသိမ်းမှု ဖြစ်ရင်တော့ မိခင်အနေနဲ့ အရေးယူခံရဖွယ် ရှိပါတယ်။
Ref: Mother Installs Jail Cell in Her House to Protect Herself from Addict Son
NZ ( ရိုးရာလေး)