ကလေးဆေးရုံအတွင်း ဖွင့်ထားတဲ့ ကမ္ဘာ့ပထမဆုံးကလေးပြတိုက်

chi.jpg

အမေရိကန်ပြည်ထောင်စု၊ လူဝီစီးယားနားပြည်နယ် နယူးအော်လင်းစ်မြို့ရှိ Manning Family Children’s Hospital အတွင်း ကမ္ဘာ့ပထမဆုံး ကလေးပြတိုက်ကို တည်ဆောက်ဖွင့်လှစ်လိုက်ပါတယ်။

ဆေးရုံအတွင်း ပြတိုက်တည်ဆောက်ဖြစ်ခဲ့ပုံကတော့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ဦးနှောက်ကင်ဆာ (Pediatric Brain Cancer) ဝေဒနာ ခံစားနေရတဲ့ အသက် ၉ နှစ်အရွယ် ဝေါကာ ဘီရီ ဆိုတဲ့ ကလေးငယ်လေး ဆေးရုံတက်ရောက် ကုသမှုခံယူနေစဉ်အတွင်း ဖြစ်ပေါ်လာခဲ့တာပါ။ သူ ဆေးကုသမှုခံယူနေစဉ်အတွင်း ဆေးရုံရဲ့မွန်းကျပ်မူတွေကနေ ခေတ္တလွတ်မြောက်ကာ ပျော်ရွှင်စွာ ဆော့ကစားနိုင်မယ့် နေရာတစ်ခု ရှိစေချင်ခဲ့တာပါ။ သူ မကွယ်လွန်ခင် မိသားစုနဲ့အတူ Kids Join The Fight အမည်ရတဲ့ ဖောင်ဒေးရှင်းကို တည်ထောင်ကာ အလှူငွေတွေ စတင်စုဆောင်းခဲ့ရာ ၅ နှစ်အကြာမှာ သူ့ရဲ့ ဆန္ဒဟာ အမှန်တကယ် ပြည့်ဝလာခဲ့ပါတယ်။

ကွယ်လွန်သူ ကလေးငယ်ကို ဂုဏ်ပြုသောအားဖြင့် Walker’s Imaginarium လို့ အမည်ပေးထားပြီး စတုရန်းပေ ၁၅,၀၀၀ ကျယ်ဝန်းပါတယ်။ အလှူရှင်တွေနဲ့ လူထုရဲ့ထည့်ဝင်ငွေတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

ပြတိုက်မှာ လူဝီစီးယားနားပြည်နယ်ရဲ့ ယဉ်ကျေးမှု အငွေ့အသက်တွေဖြစ်တဲ့ Cajun ဂီတနဲ့ ကခုန်နိုင်တဲ့ နေရာ၊ Mardi Gras ပွဲတော် ပုံစံငယ်နဲ့ ငါးပြတိုက် တို့ ပါဝင်ပါတယ်။

ဘီးတပ်ကုလားထိုင်အသုံးပြုရတဲ့ ကလေးငယ်တွေပါ အလွယ်တကူ ဝင်ရောက်ဆော့ကစားနိုင်ဖို့ အသေးစားဂေါက်သီးရိုက်ကွင်း နဲ့စားပွဲဘောလုံးကစားနည်းတွေကို စီစဉ်ပေးထားပါတယ်။

ဒန်းစီးလိုက်တိုင်း အပေါ်ဘက်ရှိ ဧရာမ LED လိပ်ပြာကြီးရဲ့ တောင်ပံတွေ လှုပ်ရှားကာ မီးရောင်စုံ လင်းလက်လာတဲ့စနစ်၊ အသေးစား ဘောလုံးကွင်းနဲ့ ဒုတိယထပ်မှာ ဆေးရုံတက်နေရလို့ ကျောင်းပျက်ကွက်နေတဲ့ကလေးတွေအတွက် စာသင်ခန်းတစ်ခန်းလည်း ထည့်သွင်းထားပါတယ်။

ကလေးပြတိုက်များအသင်း (Association of Children’s Museums) ဆီ ပထမဆုံး ဝင်ရောက်ခွင့်ရတဲ့ ဆေးရုံဖြစ်လာပြီး ဆေးရုံတက် လူနာကလေးငယ်တွေအတွက် တစ်ပတ်ကို ၇ ရက်လုံး ဖွင့်လှစ်ထားကာ ပြင်ပဧည့်သည်တွေအနေဖြင့်လည်း အွန်လိုင်းကတဆင့် လက်မှတ်ဝယ်ယူပြီးတော့ အကန့်အသတ်နဲ့ လာရောက်လည်ပတ်နိုင်ပါတယ်။

Ref: World’s First Museum Built in a Children’s Hospital Fulfills Dying Boy’s Wish For Playtime During Chemo

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top