အနှိပ်ခန်းမှာ ဇက်ချိုးရာကနေ လည်ဆစ်ရိုး ပေါက်ထွက်ခဲ့တဲ့ ထိုင်းအဆိုတော် သေဆုံးမှုက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ အူဒုံသာနီမြို့မှာ နေထိုင်တဲ့ အမျိုးသမီး အဆိုတော် ပင်းချယဒါဟာ လွန်ခဲ့တဲ့ လပိုင်းအတွင်း ပခုံးကြော တင်းနေတယ်ဆိုပြီး အနှိပ်ခန်းမှာ သွားအနှိပ်ခံခဲ့ပါတယ်။ ဇက်ချိုး အနှိပ်ခံပြီးနောက် ၂ ပတ်ကြာတဲ့အထိ သူ့ဇက်ပိုး နာနေခဲ့ပြီး နိုဝင်ဘာလ ၆ ရက်မှာ ဒီအကြောင်းကို ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့ပါသေးတယ်။
အနှိပ်ခံပြီးတဲ့နောက် ပခုံးကြော တင်းနေတာ သက်သာမသွားတဲ့အပြင် ဇက်ပိုးနာတာပါ ပိုဆိုးလာတဲ့အတွက် သူက အကိုက်ခဲပျောက်ဆေးတွေ သောက်ခဲ့ရပါတယ်။ နောက်တစ်ပတ်အကြာမှာတော့ ညာဘက်လက် ထုံကျင်နေတယ်ဆိုပြီး သူက အနှိပ်ခန်းကို နောက်တစ်ခေါက် ထပ်သွားခဲ့ပါတယ်။ အနှိပ်ခန်းက ပြန်လာပြီး သီတင်းပတ် ၂ ပတ်အကြာမှာတော့ မခံမရပ်နိုင်အောင် ဇက်ပိုး နာလာလို့ အိပ်ယာထဲက မထနိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပင်းချယဒါက ဆေးရုံ သွားမပြဘဲ အနှိပ်ခန်းကိုပဲ ထပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့လက်ချောင်းတွေ အထိအတွေ့ လုံးဝမခံစားရတော့သလို နောက်ပိုင်းမှာ ရင်ဘတ်၊ ညာဘက်ခြေထောက်လည်း ထုံကျင်လာခဲ့တာပါ။ သိပ်မကြာခင်မှာပဲ ခန္ဓာကိုယ် ညာဘက်ခြမ်းတစ်ခြမ်းလုံး အထိအတွေ့ မခံစားရတော့ပါဘူး။
ပင်းချယဒါဟာ ဇက်ပိုးဒဏ်ရာကတစ်ဆင့် ကိုမာ ဝင်သွားပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်း ထိုင်းလူမှုကွန်ရက်စာမျက်နှာ Drama Addict က ဖော်ပြခဲ့ပါတယ်။ ပင်းချယဒါဟာ ခြေလက်တွေ ထုံကျင်နေချိန်မှာ ဆရာဝန် သွားပြခဲ့သေးပေမဲ့ သူ့လက်တွေ တုန်နေတာကိုကြည့်ပြီး ဆရာဝန်က မူးယစ်ဆေးဝါး သုံးစွဲထားတယ်လို့ပဲ ယူဆခဲ့တာပါ။ အဲဒီအတွက် သေသေချာချာ စမ်းသပ်ပေးခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း ပင်းချယဒါက ရောဂါပျောက်ဖို့ သောက်ဆေးကိုပဲ အားထားခဲ့ရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ သူ ကွယ်လွန်ပြီးနောက် ဆေးစစ်ချက်တွေအရတော့ လည်ဆစ်ရိုး ပေါက်ထွက်ရာကနေ ဆက်နွှယ်သွားခဲ့တာလို့ တွေ့ရှိရပါတယ်။
ဒီဖြစ်ရပ်အပြီးမှာတော့ အနှိပ်ခန်းတွေမှာ ဇက်ချိုးတာမျိုး လုပ်ခြင်းဟာ အသက်အန္တရာယ် ရှိစေနိုင်ကြောင်း ထိုင်းဆရာဝန်တွေက သတိပေးထားပါတယ်။
Ref: Young Thai Singer Allegedly Dies After Getting Neck-Twisting Massage
NZ( ရိုးရာလေး)