ဗက်စကိုဒဂါးမားရဲ့ နောက်ဆုံးခရီးစဉ်မှာ အသုံးပြုခဲ့တဲ့ သင်္ဘောလို့ ယူဆရတဲ့ ရွက်သင်္ဘောပျက်ကို တွေ့ရှိ

13.12.2024-yyl-19.jpg

ကင်ညာကမ်းရိုးတန်းမှာ တွေ့ရတဲ့ ပေါ်တူဂီ ရွက်သင်္ဘောပျက်ဟာ အိန္ဒိယတိုက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပေါ်တူဂီနိုင်ငံသား ရေကြောင်းခရီးသွားသူ ဗက်စကိုဒဂါးမားရဲ့ နောက်ဆုံးခရီးစဉ်မှာ အသုံးပြုခဲ့တဲ့ သင်္ဘောဖြစ်မယ်လို့ ရေကြောင်းသုတေသီတွေက ယုံကြည်လျက်ရှိပါတယ်။ ဒေသခံ တံငါသည်တစ်ဦးရဲ့ သတင်းစကားကြောင့် ကင်ညာနိုင်ငံ အမျိုးသားပြတိုက်ရဲ့ ရေကြောင်းဆိုင်ရာ ရှေးဟောင်းပညာရှင် ဆီဇာဘီတာက ၂၀၁၃ ခုနှစ်မှာ ဒီရွက်သင်္ဘောပျက်ကြီးကို မာလင်ဒီမြို့အနီးမှာ စတင်တွေ့ရှိခဲ့တာပါ။

ဒီတွေ့ရှိမှုဟာ ရေကြောင်းဆိုင်ရာရှေးဟောင်းပညာရပ်နဲ့ ဥရောပတိုက်သားတွေရဲ့ စူးစမ်းရှာဖွေမှုသမိုင်းအတွက် အလွန်အရေးပါတဲ့ တွေ့ရှိမှုတစ်ရပ်ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ ဗက်စကိုဒဂါးမားဟာ တောင်အာဖရိတိုက်ရဲ့ Good Hope အငူကို ပထမဆုံး ရောက်ရှိခဲ့တဲ့ ဥရောပတိုက်သားဖြစ်ပြီး ဇမ်ဇီဘာကမ်းရိုးတန်းတလျှောက် မြောက်အရပ်ကို ဦးတည်သွားရင်း အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့တာပါ။ ဒါဟာ အိန္ဒိယတိုက်ကို ရေကြောင်းခရီးနဲ့ ပထမဆုံး လာရောက်နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဥရောပတိုက်နဲ့ ကမ္ဘာ့မြို့ပြသမိုင်းကို ပြောင်းလဲသွားစေခဲ့တဲ့ တွေ့ရှိမှုတစ်ရပ်လည်း ဖြစ်ပါတယ်။

၁၅၂၄ ခုနှစ်က သူ့ရဲ့တတိယမြောက် ရေကြောင်းခရီးစဉ်မှာတော့ ဆော်အိုဂျော့လို့ အမည်ပေးထားတဲ့ ပေါ်တူဂီရွက်သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့ပြီး ဗက်စကိုဒဂါးမားလည်း အဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့် ဘယ်နေရာမှာ သင်္ဘောမြုပ်သွားသလဲဆိုတာကို တိတိကျကျ မသိခဲ့ကြပါဘူး။

ဆီဇာဘီတာဟာ မှတ်တမ်းမှတ်ရာတွေကို နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့ပြီးနောက် သူ ရှာဖွေတွေ့ရှိခဲ့တဲ့ သင်္ဘောပျက်ကို ကြည့်ရှုစစ်ဆေးပေးဖို့ ကိုအင်ဘရာတက္ကသိုလ်ရဲ့ ဂေဟစနစ် လုပ်ဆောင်ချက်စင်တာမှ ရေကြောင်းဆိုင်ရာ ရှေးဟောင်းပညာရှင် ဖီးလစ်ကက်စထရိုကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့က ဒီသင်္ဘောပျက်ကို ဆော်အိုဂျော့ ရွက်သင်္ဘောဖြစ်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဆော်အိုဂျော့ ရွက်သင်္ဘောဟာ အိန္ဒိယသမုဒ္ဒရာအတွင်း နစ်မြုပ်ခဲ့တဲ့ ဥရောပသင်္ဘောတွေအနက် ရှေးအကျဆုံးဖြစ်ပါတယ်။

သင်္ဘောပျက်ထဲကနေ ဆင်စွယ်တွေ၊ ကြေးနီပြားတွေ တွေ့ရှိခဲ့သလို သင်္ဘောကိုယ်ထည် အကြွင်းအကျန်ဖြစ်တဲ့ သစ်သားတွေလည်း တွေ့ရပါတယ်။ တချို့အစိတ်အပိုင်းတွေကတော့ သန္တာကျောက်တန်းတွေရဲ့ ဝါးမြိုဖုံးလွှမ်းခြင်း ခံထားရပါပြီ။ မာလင်ဒီမြို့ ရေပိုင်နက်အတွင်း ပေါ်တူဂီသင်္ဘောပျက် ၈ စင်း တွေ့ရှိထားရပြီး သင်္ဘောပျက်ထဲက ရှေးဟောင်းပစ္စည်းတွေကို ကြည့်ခြင်းအားဖြင့် ဒီသင်္ဘောဟာ ၁၆ ရာစုရဲ့ ပထမဦးဆုံး နှစ် ၂၅ ကာလအတွင်းက ဖြစ်မယ်လို့ ယူဆရသလို အိန္ဒိယတိုက်မှ အပြန်ခရီးစဉ်မဟုတ်ဘဲ အိန္ဒိယတိုက်ထံ သွားတဲ့ခရီးစဉ်မှာ သင်္ဘောနှစ်မြုပ်ခဲ့တာလို့ ယူဆထားကြပါတယ်။

Ref: Shipwreck Near Kenya May Be from Vasco da Gama’s Final Voyage and Would Be ‘Archaeological Stardust’
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top