သန္တာကောင်တွေရဲ့အစာဖြစ်တဲ့ အဏုဇီဝပိုးမွှားငယ်တွေကို ဆွဲဆောင်နိုင်ဖို့ အိုဟိုင်းယိုးပြည်နယ်မှ သိပ္ပံပညာရှင်တွေက အထူးဖန်တီးထားတဲ့ အလင်းတစ်မျိုးကို စမ်းသပ်အသုံးပြုလျက် ရှိပါတယ်။ သန္တာကျောက်တန်းတွေ ပြန်လည်အားကောင်းလာစေရေး စီမံကိန်းအတွက် အဲဒီနည်းပညာသစ်ကို ဟာဝိုင်အီအခြေစိုက် သန္တာကျောက်တန်းများ ပြန်လည်အားကောင်းလာရေးဖောင်ဒေးရှင်း(Coral Restoration Foundation)ရဲ့ အကူအညီနဲ့ စမ်းသပ်ခဲ့တာပါ။
ဟာဝိုင်အီကျွန်းမှ သန္တာမျိုးစိတ်နှစ်ခုကို အဲဒီနည်းပညာသစ်နဲ့ ၆ လကြာ စမ်းသပ်မှုလုပ်ခဲ့ပြီးနောက်မှာတော့ Underwater Zooplankton Enhancement Light Array (UZELA) လို့ အမည်ပေးထားတဲ့ နည်းပညာသစ်က သန္တာကောင်တွေရဲ့ အစာဖြစ်တဲ့ အဏုဇီဝပိုးမွှားပမာဏကို သိသိသာသာ များပြားလာစေပြီး သန္တာကောင်တွေရဲ့ အစာစားမှုနှုန်းကိုလည်း တိုးတက်အားကောင်းလာစေတာ တွေ့ရှိခဲ့တာပါ။
သန္တာကောင်တွေက အဏုဇီဝပိုးတွေကို များများစားလေလေ အားကောင်းသန်စွမ်းလာလေလေဖြစ်ပြီး အပူလှိုင်းဖြတ်ခြင်း၊ သမုဒ္ဒရာတွင်း အက်ဆစ်ဓာတ်များခြင်း အစရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုဒဏ်ကို ပိုခံနိုင်ရည်ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ လူလုပ်အလင်းရောင်တွေဟာ အခြားရေနေသတ္တဝါတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် သုတေသီတွေက သူတို့ရဲ့ နည်းပညာသစ်ကို တစ်နှစ်ပတ်လုံး သုံးဖွယ်မရှိဘူးလို့ သိရပါတယ်။
Ref: New Technology Lights Up Coral Beds to Speed Reef Restoration By Attracting Food
NZ ( ရိုးရာလေး)

