ကိုယ်လက်သေနေတဲ့သားဖြစ်သူ MBA တက်နေတာကို ကူညီရင်း ဘွဲ့ရသွားခဲ့တဲ့မိခင်

40B3EEC200000578-0-image-a-17_1495543570718.jpg

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ MBA (Master of Business Administration) တက်နေတဲ့ ကိုယ်လက်သေ ဒုက္ခိတသားဖြစ်သူကို ကူညီစောင့်ရှောက်ရင်း အတန်းတိုင်း လိုက်တက်ပေးခဲ့တဲ့ မိခင်ဖြစ်သူ ဂျူဒီအိုကော်နာ (Judy O’Connor) ဟာ သားဖြစ်သူ ဘွဲ့ယူခဲ့တဲ့အချိန်မှာပဲ သူမလည်း ဘွဲ့တစ်ခုကို ရခဲ့ပါတယ်။

ဂျူဒီဟာ အငြိမ်းစား မူလတန်းပြ ဆရာမတစ်ယောက်ဖြစ်ပြီး ကိုယ်လက်သေသွားနေတဲ့ သားဖြစ်သူ မာတီအိုကော်နာ (Marty O’Connor) ကို ပြုစု စောင့်ရှောက်နေသူတစ်ယောက် ဖြစ်ပါတယ်။ ကိုယ်လက်သေခြင်း (quadriplegia) ဆိုတာဟာ ခြေလက်တွေအားလုံး လေဖြတ်နေသလို မလှုပ်ရှားနိုင်တာကို ခေါ်တာပါ။ မာတီဟာ လှေကားပေါ်မှ ပြုတ်ကျခဲ့လို့ ကိုယ်လက်သေတဲ့ဘဝကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

မာတီဟာ ကိုယ်လက်သေသူတစ်ယောက် ဖြစ်သွားပေမဲ့ ကယ်လီဖိုးနီးယားပြည်နယ် အော်ရိန့်မြို့ (Orange) ရှိ ချက်မန်း တက္ကသိုလ်မှာ MBA  ဆက်တက်ဖို့ ဆုံးဖြတ်ခဲ့ပြီး မိခင်ဖြစ်သူ ဂျူဒီက သားဖြစ်သူရဲ့ ပညာရေးအတွက်ဘေးမှ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဂျူဒီဟာ သားဖြစ်သူရဲ့ MBA သင်တန်း ၂ နှစ်ကာလအတွင်း သားနဲ့အတူ စာသင်ခန်းတိုင်းကို အတူလိုက်သွားပေးခဲ့ပြီး သားဖြစ်သူက မေးစရာရှိတယ်ဆိုရင် သူမက သားဖြစ်သူကိုယ်စား လက်ထောင်ပြီး မေးမြန်းပေးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ဒီလို သားဖြစ်သူကို စာသင်ခန်းတိုင်းမှာ လိုက်လံကူညီနေတဲ့ ဂျူဒီကို ချက်မန်း တက္ကသိုလ်ဥက္ကဋ္ဌဖြစ်သူ ဒန်နီရယ်စထရူပါ (Daniele Struppa) က တွေ့သွားတဲ့အခါ သားဖြစ်သူ မာတီနဲ့ တိုင်ပင်ပြီး ဂျူဒီကို ဘွဲ့နှင်းသဘင် ကျင်းပမဲ့နေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ချီးမြှင့်ခဲ့ပါတယ်။ အခုဆိုရင် မာတီဟာ အားကစားလုပ်ငန်းတစ်ခုမှာ စီပွားရေး စီမံခန့်ခွဲရေးဌာနရဲ့ အကြီးအမှူးအဖြစ် အလုပ်ရထားပြီး ဂျူဒီကတော့ သားဖြစ်သူကို ဆက်လက်ပြုစုသွားမယ်လို့ သိရပါတယ်။

Ref : Yahoo News : Mom surprised with honorary degree after helping quadriplegic son complete his MBA

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top