စွန့်ပစ်ပစ္စည်း လိုက်ကောက်ရသူက ရေဘေးသင့်သူတွေအတွက် ယွမ်ငွေ သိန်းချီ လှူဒါန်းပေးခဲ့

donated.png

ရေဘေးသင့်သူတွေအတွက် ထရပ်ကားတစ်စီးအပြည့် ရိက္ခာပစ္စည်းတွေ ရောက်လာချိန်မှာ အလှူရှင်နာမည် မပါလို့ ကယ်ဆယ်ရေးလုပ်သားတွေ အံ့အားသင့်ခဲ့ကြပြီး နောက်ဆုံး စုံစမ်းကြည့်ချိန်မှာတော့ အလှူရှင်ကို သိခဲ့ကြပါတယ်။ အလှူရှင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် မဟုတ်သလို ထင်ပေါ်ကျော်ကြားသူတစ်ဦးလည်း မဟုတ်ပါဘူး။

စွန့်ပစ်ပစ္စည်းတွေကို လိုက်ကောက်ကာ လက်မှုပစ္စည်း ပြန်လုပ်၊ ရောင်းချပြီး အသက်မွေးဝမ်းကျောင်းတဲ့ မသန်စွမ်းတစ်ယောက်ပါ။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဟူလဲ့ဟာ ပိုလီယိုရောဂါကြောင့် ခြေထောက်မသန်တဲ့ အခြေအနေရှိပြီး တစ်ခါတလေ ဒူးထောက်သွားရင်း စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်ရသူပါ။

ပြီးခဲ့တဲ့ ဇွန်လက ရွန်ကျန်းကောင်တီမှာ ရေဘေးကြုံခဲ့ရချိန် ဟူလဲ့က သူ စုဆောင်းထားတဲ့ငွေတွေအားလုံးကို ရိက္ခာပစ္စည်းတွေ ဝယ်ယူလှူဒါန်းခဲ့တာပါ။ သူဟာ ဆန် ၅ တန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး၊ ဓာတ်မီး၊ တစ်ခါသုံး လက်အိတ် အစရှိတဲ့ ပစ္စည်းတွေကို ယွမ်ငွေ ၅ သိန်းကျော်( အမေရိကန်ဒေါ်လာ ၈၀၀၀) အကုန်အကျခံ ဝယ်ယူခဲ့တာပါ။ ရိက္ခာပစ္စည်းတွေ ဝယ်ယူခဲ့ပြီးနောက် သူ့ဘဏ်အကောင့်ထဲမှာ ယွမ် ၅၀၀ လောက်ပဲ ကျန်ခဲ့တာပါ။

ဟူလဲ့က အခုလို အိတ်သွန်ဖာမှောက် လှူဒါန်းတာ တစ်ကြိမ်တစ်ခါတည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် ယွမ် ၁ သန်းကျော် လှူဒါန်းခဲ့ဖူးပါတယ်။ သူဟာ အစိုးရထံမှ မသန်စွမ်းသူ ထောက်ပံ့စရိတ် ရရှိနေသလို လက်မှုပစ္စည်းတွေ ဖန်တီးရောင်းချမှုကနေလည်း ဝင်ငွေ ရနေပြီး အသုံးအစွဲ သိပ်မရှိလို့ ငွေကြေးအများအပြား စုဆောင်းမိနေတာ ဖြစ်ပါတယ်။

ကိုယ်တိုင်က ဘဝကို ရုန်းကန်ဖြတ်သန်းနေရသူဖြစ်ပေမဲ့ အခြားသူတွေ အကူအညီ လိုအပ်နေချိန်မှာ ကိုယ်ကျိုးမငဲ့ကွက်ဘဲ ထောက်ပံ့လှူဒါန်းပေးတဲ့ ဟူလဲ့ရဲ့ လုပ်ရပ်ကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

Ref: Scrap collector, donated supplies to flood victims, surprising relief workers

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top