လက်တစ်ဖက်မရှိတဲ့ မျောက်မကြီး ရှင်းရှင်းဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ နင်းဘိုမြို့၊ Daliang Mountain ရဲ့ ဘုရားကျောင်းတစ်ခုမှာ အသက် ၈၅ နှစ်အရွယ်ဗုဒ္ဓဘာသာ သီလရှင်တစ်ပါး၊ အသက် ၇၈ နှစ်အရွယ်ဘုန်းကြီးတစ်ပါးတို့နဲ့ နေထိုင်ပါတယ်။ ရှင်းရှင်းရဲ့အသက်ကို မသိရပေမဲ့ သက်ကြီးသီလရှင်တို့နဲ့နေထိုင်တာ ၁၅ နှစ်ကျော်ပါပြီ။ သီလရှင်နဲ့ ရှင်းရှင်းတို့ကြား ထူးခြားတဲ့ဆက်ဆံရေးကြောင့် ရှင်းရှင်းဟာ လူမှုကွန်ယက်ပေါ်မှာ လူသိများလာခဲ့ပါတယ်။

ရှင်းရှင်းဟာ မွေးရာပါ လက်တစ်ဖက်မပါတာမဟုတ်ဘဲ သူ့ရဲ့အတိတ်က စိတ်မကောင်းစရာအကြောင်းကြောင့်ပါ။ အစက သူဟာ ဆပ်ကပ်အဖွဲ့တစ်ခုမှာ ပါဝင်ခဲ့တာပါ။ ရွာသားတစ်ယောက်က သူ့ကို ပြန်ဝယ်ပြီး Daliang Mountain မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်တော့ တောဝက်ထောင်ချောက်မိပြီး လက်တစ်ဖက်ဆုံးရှုံးသွားခဲ့တာပါ။ မုဆိုးတစ်ယောက်က တွေ့ပြီး တောင်တွေနားက ရွာတစ်ရွာမှာ ရောင်းခဲ့ပါတယ်။
ရှင်းရှင်းကို စားသောက်ဆိုင်တစ်ခုမှာ ဖျော်ဖြေရေးအနေနဲ့ အချိန်ခဏထားခဲ့ပေမဲ့ သူ့ကို အချိန်ကြာကြီး အစားအစာကျွေးဖို့ မတတ်နိုင်တာကြောင့် ရွာသားတွေက ပြန်လွှတ်ပေးခဲ့တာပါ။ နောက်ပိုင်းမှာ Tai Chang ဆိုတဲ့ သီလရှင်ကြီးက သူ့ကို ကယ်ဆယ်ကျွေးမွေးက ရှင်းရှင်းလို့ အမည်ပေးခဲ့တာပါ။ သီလရှင်ကြီးဆီ ရှင်းရှင်းရောက်တဲ့အချိန်မှာ ကိုယ်ဝန်ကြီးနဲ့ပါ။ ကျန်းမာရေးမကောင်းတာကြောင့် သူ့ရဲ့မွေးကင်းစကလေးလေးက ဆောင်းတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။

အစက ရှင်းရှင်းရဲ့လည်ပင်းမှာ ကြေးလည်ပတ်ကြီးပါလာပါတယ်။ အဲ့ဒါက သူ့ရဲ့အရေပြားကို ထိခိုက်စေခဲ့ပါတယ်။ ကြင်နာတတ်တဲ့ သီလရှင်ကြီးက လည်ပတ်ကို ဖြုတ်ပေးဖို့ ဒေသတွင်းက တိရစ္ဆာန်ဉယျာဉ်ကို အကူအညီတောင်းခဲ့ပါတယ်။ တိရစ္ဆာန်ဉယျာဉ်ဝန်ထမ်းတစ်ဦးက လာဖြုတ်ပေးခဲ့ပါတယ်။ ရှင်းရှင်းဟာ ဘုရားကျောင်းရဲ့သက်ကြီးရွယ်အို ၂ ဦးနဲ့နေထိုင်တာကြာလာတော့ လူသားဆန်တဲ့ အရည်အသွေးတွေရှိလာခဲ့ပါတယ်။
နေ့တိုင်း မနက်ဆို ရှင်းရှင်းက အစာစားဖို့ သီလရှင်ကြီးရဲ့တံခါးဝဆီလာပြီး ညကျတောင်ပေါ်ပြန်သွားပါတယ်။ ရှင်းရှင်းက မြေပဲနဲ့ နေကြာစေ့ခွာတဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ သူ နှစ်သက်တဲ့ ကျောက်တုံးဘေဇင်ပေါ်မှာနေပြီး တောတောင်တွေကို ငေးကြည့်တတ်ပါသေးတယ်။ ရှင်းရှင်းက တောရိုင်းတိရစ္ဆာန်ဖြစ်တဲ့အတွက် စိတ်ရိုင်းက ရှိနေပါသေးတယ်။ အခြားတောရိုင်းတိရစ္ဆာန်တွေလိုပဲ သူ့ကို အန္တရာယ်ပြုသလိုခံစားရရင် သူ ထိတ်လန့်သွားရင် ပြန်ခုခံပါတယ်။

ဒါက ဘုရားကျောင်းလာတဲ့ ဧည့်သည်တွေအတွက် အံ့ဩထိတ်လန့်စရာဖြစ်နိုင်ပေမဲ့ သီလရှင်ကြီးနဲ့ ဘုန်းကြီးကတော့ သူ့ရဲ့သဘောဘာဝကို နားလည်ပါတယ်။ တစ်ခါကတော့ ဘုရားကျောင်းလာတဲ့ ဧည့်သည်ကို ကိုက်လို့ ဘွားဘွားသီလရှင်ကြီးရဲ့ဆူတာကို ခံခဲ့ရပါသေးတယ်။ ဧည့်သည်တွေကို အလည်လာတဲ့အခါ ဘေးကင်းတဲ့ အကွာအဝေးမှာ နေစေဖို့ ဆိုထားပါတယ်။ ဒါမှ ရှင်းရှင်းလည်း သူ နေထိုင်တဲ့နေရာမှာ သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။
Ref: Bonds beyond species: A nun, a monk and a monkey share a temple
WL ( ရိုးရာလေး)

