ဒေါက်တာနစ်ခ် မွန်ဒက်ခ်ဆိုသူဟာ အခုနှစ်နွေဦးရာသီမှာ ကင်ဆာရောဂါပြန်ဖြစ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့အသက်၁၀ နှစ်အရွယ်သားဖြစ်သူက ပင်မဆဲလ်လှူဒါန်းပေးပြီးတော့ သူ့အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။
ဒေါက်တာနစ်ခ်ဟာ လော့စ်အိန်ဂျလိစ်က မေ့ဆေးဆရာဝန်တစ်ယောက်ပါ။ သားနှစ်ယောက်ဖခင်ဖြစ်တဲ့သူဟာ အရင်က acute myeloid leukemia သွေးကင်ဆာ ( သွေးနဲ့ ရိုးတွင်းခြင်ဆီက ဖြစ်လာတဲ့ကင်ဆာ) ကြောင့် ဓာတုကုထုံးနဲ့ ပင်မဆဲလ်အစားထိုးကုသမှုခံယူထားခဲ့ပြီးသားပါ။ ၂၀၂၂ ခုနှစ်မှာ သူ့အစ်ကိုက ပင်မဆဲလ်လှူဒါန်းပေးခဲ့တာပါ။
အခုတစ်ခေါက် သူ ကင်ဆာပြန်ဖြစ်တော့ သူနဲ့ ကိုက်ညီတဲ့ အလှူရှင်ရှာမတွေ့ခဲ့ပါဘူး။ သူ အသက်ရှင်ဖို့အတွက် အလှူရှင် ချက်ချင်းလိုအပ်ခဲ့တာပါ။ ဓာတုကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံး ခံယူပြီးတဲ့နောက်မှာ နောက်ထပ်ပင်မဆဲလ်အစားထိုးကုသမှုက သူ့ရဲ့နောက်ဆုံးရွေးချယ်မှုဖြစ်ခဲ့တာပါ။

အလှူရှင်ရှာမတွေ့တဲ့အချိန်အတွင်းမှာ နစ်ခ်က သူ့သူငယ်ချင်းတစ်ယောက်အကြောင်း သတိရသွားခဲ့ပါတယ်။ ပြန်ရည်ကျိတ်ကင်ဆာရောဂါရှိခဲ့တဲ့ သူ့သူငယ်ချင်းကို သားအရင်းက လှူဒါန်းခဲ့တယ်ဆိုတဲ့အကြောင်းကိုပါ။ နစ်ခ်လည်းပဲ သူ့သူငယ်ချင်းလို အစားထိုးကုသဖို့အတွက် သူ့သားစတီဖန်နဲ့ ကိုက်ညီမှုရှိပြီး ပင်မဆဲလ်လုံလုံလောက်လောက်ရနိုင်မလားဆိုတာ မသေချာခဲ့ပေမဲ့ ကြိုးစားကြည့်ဖြစ်ခဲ့ပါတယ်။
သူ့သားကိုလည်း ဒီအတွက် ဖိအားမပေးချင်ဘူး။ သူ့သားက သူ့အသက်ရှင်ဖို့အတွက် နောက်ဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာကို သူ မပြောပြခဲ့ဘူး။ အလှူရှင်ရှာနေတုန်းပဲ။ သူ့သား အလှူရှင်ဖြစ်လာနိုင်လားဆိုတာ သိရဖို့ ဆေးစစ်မလားလို့ပဲ သူ့သားကို မေးခဲ့တာပါ။ သူ့သားက တုံ့ဆိုင်းမှုမရှိဘဲ ဆေးစစ်ဖို့ လက်ခံခဲ့ပါတယ်။ နစ်ခ်က ပင်မဆဲလ်အစားထိုးကုသဖို့အတွက် သူ့သားနဲ့ ကိုက်ညီမှုရှိခဲ့ပါတယ်။
နစ်ခ်က ဇူလိုင် ၃၀ ရက်နေ့မှာ ဒုတိယအကြိမ်ပင်မဆဲလ်အစားထိုးကုသမှုကို ခံယူနိုင်ခဲ့ပါတယ်။ သူ့သားကို ဟီးရိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူ့သားက ဘယ်တော့မှ စောဒကမတက်တဲ့ ကောင်လေးဖြစ်တယ်လို့ သူက ဆိုပါတယ်။ စတီဖန်ကလည်း သူ့အဖေအတွက် ပင်မဆဲလ်လှူပေးရတာ ကောင်းတယ်။ သူ့သူငယ်ချင်းတွေအားလုံးက သူ့အတွက် ဂုဏ်ယူနေပါတယ်တဲ့။
သားအဖနှစ်ယောက်လုံးက အဆင်ပြေချောမွေ့စွာနဲ့ ဆေးရုံကဆင်းခဲ့ပြီး စတီဖန်က ၃-၄ ရက်အတွင်းမှာပဲ ဘေ့စ်ဘောလေ့ကျင့်တာကို ပြန်စနေပါတယ်။ နစ်ခ်ကတော့ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အချိန်တော့ယူရဦးမှာဖြစ်ပါတယ်။
Ref: 10-year-old saves dad’s life by donating his stem cells
WL ( ရိုးရာလေး)

