(၈) နှစ်သားကလေးငယ်တစ်ဦးရဲ့ လှပတဲ့နှလုံးသား

kindheard01.jpg

မေတ္တာအကြင်နာတရားဆိုတာ လူတိုင်းရဲ့စိတ်နှလုံးကို ငြိမ်းချမ်းစေတဲ့အရာပါ။ ဖေးမကူညီခြင်းဆိုတာကလည်း လူတိုင်းမှာ ရှိသင့်ရှိအပ်တဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ပြောပြချင်တဲ့အဖြစ်အပျက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဖေးမကူညီမှုလေးတစ်ခုကြောင့် ငယ်ရွယ်ပေမဲ့အကြင်နာတရားကြီးမားတဲ့သူ လို့ ချီးမွမ်းမှုတွေရလိုက်တဲ့ မူလတန်းကျောင်းသားလေးတစ်ဦးရဲ့အကြောင်းပါ။

အသက် (၈) နှစ်အရွယ် ခရစ္စရှန် မော်ရ် (Christian Moore) က အမေရိကန်ပြည်ထောင်စု၊ ကန်ဆက်စ်ပြည်နယ်၊ ဝစ်ချီတာမြို့မှာ နေထိုင်တဲ့ ဒုတိယတန်းကျာင်းသားတစ်ဦးပါ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့၊ ပထမဆုံးကျောင်းတက်ရက်မှာ သူနဲ့ရွယ်တူကျောင်းသားလေးတစ်ယောက် ကျောင်းဆောင်ထောင့်မှာ ငိုနေတာကို ခရစ္စက တွေ့ခဲ့ပါတယ်။ ငိုနေတဲ့ကျောင်းသားလေးအမည်က ကွန်နာ ခရိုက်စ် (Conner Cries) လို့ခေါ်ပြီး သူ့ရဲ့ ပထမဆုံးကျောင်းတက်ရက်အတွေ့အကြုံဖြစ်တာကြောင့် အစိုးရိမ်လွန်ပြီး ငိုနေတာဖြစ်ပါတယ်။ ဒါကြောင့် ခရစ္စက ကွန်နာရဲ့အနားကိုလျှောက်သွားကာ ချော့မော့လက်တွဲခေါ်ပြီး ကျောင်းခန်းထဲကို အတူလိုက်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခရစ္စက ကွန်နာဟာ Autism (ရုပ်ပိုင်းနှင့်စိတ်ပိုင်းဖွံ့ဖြိုးမှုတွင် ချွတ်ယွင်းချက်ရှိနေသည့်ဝေဒနာ) ကလေးတစ်ယောက်ဖြစ်တယ် ဆိုတာနဲ့ အခုလိုသူ့ရဲ့ ဖေးမမှုလေးက ကွန်နာ့အဖို့ အများကြီးအထောက်အကူဖြစ်သွားစေခဲ့တယ် ဆိုတာတွေကို လုံးဝမသိခဲ့ပါဘူး။

ခရစ္စရဲ့ အပြုအမူကို သူ့မိခင် (Courtney Moore) က မြင်ခဲ့ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဒီပုံတွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့ချိန်မှာတော့ လူတွေက ခရစ္စအတွက်ချီးကျူးထောပနာပြုခဲ့ကြသလို ခရစ္စနဲ့ ကွန်နာတို့ရဲ့ ဓာတ်ပုံတွေဟာလည်း လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့သွားခဲ့ပြီး မြင်ရသူတိုင်းကို ကြည်နူးပီတိဖြစ်စေခဲ့ပါတယ်။

“အသားအရောင်မတူတာ၊ လိင်ကွဲပြားတာနဲ့ ကိုယ်အင်္ဂါချို့တဲ့တာမျိုးတွေက လူအချင်းချင်းကြားမှာ ဘာမှအရေးပါတဲ့ကိစ္စတွေမဟုတ်ပါဘူး။ ဒီကမ္ဘာကြီးမှာ တကယ်တမ်းလိုအပ်တာက ချစ်ခြင်းမေတ္တာနဲ့ အကြင်နာတရားပါ။ ကြင်နာဖေးမပေးတဲ့အပြုအမူလေးတစ်ခုက တစ်စုံတစ်ယောက်ရဲ့ဘဝကိုတင်မက ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲသွားစေနိုင်ပါတယ်” လို့ ကွန်နာအ့တွက်အမြဲစိတ်ပူနေခဲ့ရတဲ့ မိခင်ဖြစ်သူ ဧပရယ်လ် ခရိုက်စ် (April Crites) က ပြောပြခဲ့ပါတယ်။

“သားရဲ့ အပြုအမူအတွက် ကျွန်မအရမ်းကိုဂုဏ်ယူမိပါတယ်။ ဒီလို ချစ်တတ် ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခွင့်ရထားတာက တကယ့်ဆုလာဘ်တစ်ခုပါပဲ” လို့ ခရစ္စရဲ့မိခင် ကော့တ်နေးက ပီတိစကားပြောခဲ့ပါတယ်။

အွန်လိုင်းသုံးသူပေါင်းများစွာက သူတို့အကြောင်းကို စိတ်ဝင်တစားရှိနေကြပေမဲ့လည်း ခရစ္စနဲ့ ကွန်နာတို့ကတော့ သူတို့နှစ်ယောက်ရဲ့အဖြစ်က ဘာကြောင့်နာမည်ကြီးနေရသလဲဆိုတာကို သိမနေကြပါဘူး။

“ခရစ္စက ကျွန်တော့်ကို ကြင်နာတယ်။ ကျောင်းစတက်ဖူးတဲ့ ပထမဆုံးနေ့ဆိုတော့ ကြောက်လို့ ကျန်တော်ငိုနေတုန်: သူရောက်လာပြီး ကျောင်းကို ကျွန်တော်နဲ့အတူတူသွားတယ်လေ။ ကျွန်တော်တအားပျော်လို့ မျက်ရာ်တောင်ကျတယ်” လို့ ကွန်နာက ပြန်ပြောပြပါတယ်။

အခုတော့ ခရစ္စနဲ့ ကွန်နာတို့က သူငယ်ချင်းတွေဖြစ်သွားကြပါပြီ။ “ထာဝရသူငယ်ချင်းတွေဖြစ်သွားချင်တယ်” လို့လည်း။ သူတို့နှစ်ယောက်လုံးက ပြောခဲ့ကြပါတယ်။

Ref: BuzzFeed “Photo of 8-year-old helping overwhelmed classmate with autism on first day of school goes viral”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top