စင်ကာပူနိုင်ငံမှာ Web Designer အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၁ နှစ်အရွယ် ချန် ကျီဟန်က GrabFood မှာလည်း အစားအသောက်ပို့သမားအဖြစ် အချိန်ပိုင်းလုပ်ကိုင်နေတာပါ။ တရုတ်နိုင်ငံကလာတဲ့ ကျီဟန်က စင်ကာပူမှာ နေထိုင်နေခဲ့တာ ဆယ်စုနှစ် ၁ ခုကျော်နေပါပြီ။ GrabFood မှာ အချိန်ပိုင်းအလုပ်လုပ်တာကလည်း ကိုဗစ်ကာလအတွင်းကစတင်ခဲ့တာဖြစ်လို့ နှစ်တော်တော်ကြာပါပြီ။
Web Designer အလုပ်ရှိပေမဲ့လည်း အစားအသောက်ပို့သမားအဖြစ် အချိန်ပိုင်းလုပ်ဖြစ်ခဲ့တာကတော့ ဒီလိုပါ။ ကိုဗစ်ကာလအတွင်းမှာ ကျီဟန်က Web Designer အဖြစ် အလုပ်လုပ်ကိုင်နေရင်း အစားအသောက်ပို့ဆောင်တဲ့အက်ပလီးကေးရှင်းတစ်ခုကို ဖန်တီးဖို့ ဖြစ်လာခဲ့ပါတယ်။ အဲ့အက်ပလီးကေးရှင်းကို ဖန်တီးတဲ့လုပ်ငန်းစဉ်မှာ အကူအညီဖြစ်ဖို့နဲ့ အသုံးပြုသူတစ်ယောက်ရဲ့အတွေ့အကြုံကို ပိုပြီးနားလည်ဖို့ အစားအသောက်ပို့သမားအဖြစ် လုပ်ကိုင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့အလုပ်အတွက် အတွေ့အကြုံယူဖို့လုပ်ကိုင်ရင်းကနေ အဲ့ဒီအလုပ်က ဝါသနာဖြစ်လာခဲ့ကာ အခုအချိန်ထိ ဆက်ပြီးလုပ်ဖြစ်ခဲ့တာပါ။
အစကတော့ စက်ဘီးမစီးတတ်တဲ့အတွက် အစားသောက်တွေကို ခြေလျင်လျှောက်ပြီး လိုက်ပို့ခဲ့တာပါ။ ခြေလျင်လိုက်ပို့ရတာက သူ့အတွက် အရမ်းပင်ပန်းသလို အော်ဒါတော်တော်များများလည်း မပြီးမြောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ၆ လလောက် စက်ဘီးစီးတာကို သင်ယူခဲ့ရပါတယ်။ အစပိုင်းမှာတော့ စက်ဘီးနဲ့ အစားအသောက်လိုက်ပို့တဲ့အချိန် ထိခိုက်ဒဏ်ရာရခဲ့တာတွေလည်းရှိပါတယ်။
သူက နေ့ဘက်မှာ Web Designer အလုပ်ပြီးတဲ့နောက် အစားအသောက်အော်ဒါတွေ စပြီးလက်ခံပါတယ်။ GrabFood အစားအသောက်ပို့သမားအလုပ်က ည ၇ နာရီ (သို့) ၈ နာရီဝန်းကျင်လောက်မှာ စတင်ပြီး ၉ နာရီမတိုင်ခင်ပြီးပါတယ်။ သူက တစ်ကြိမ်လျှင် အော်ဒါ (၂) ခု၊ (၃) ခုလောက်ပို့ပြီးပါတယ်။ “အစားအသောက်ကို ပိုက်ဆံအတွက် ဘယ်တော့မှ မပို့ပါဘူး။ ပျော်ရွှင်မှုအတွက်နဲ့ပဲ ပို့ပါတယ်။ မတူညီတဲ့ဘဝအတွေ့အကြုံတွေနဲ့ အဲ့ဒီကနေ ဉာဏ်ကွန့်မြူးတချို့ရှာရတာကြိုက်ပါတယ်”လို့ ကျီဟန်က ဆိုထားပါတယ်။
Ref: Woman, 31, works as web designer in S’pore, does GrabFood delivery by night as hobby
WL (ရိုးရာလေး)

