လောင်စာဆီစျေးနှုန်း ကွာဟချက်ကြောင့် အမေရိကန်သားတွေ မက္ကဆီကိုမှာ ဆီသွားဖြည့်နေ

30-2-2022-yyl09.jpg

အမေရိကန်နိုင်ငံတစ်ဝန်းမှာ လောင်စာဆီစျေးနှုန်း မြင့်တက်နေတဲ့အတွက် အမေရိကန်နိုင်ငံသားတချို့ဟာ မက္ကဆီကိုနိုင်ငံသွားပြီး သူတို့ကားတွေကို ဆီဖြည့်နေကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ လောင်စာဆီစျေးနှုန်း အမြင့်ဆုံး ပြည်နယ်တစ်ခုပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်မဆင်နွှဲခင်ကတည်းက အမေရိကန်နိုင်ငံမှာ ဓာတ်ငွေ့စျေးနှုန်းတွေ မြင့်တက်နေခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း လောင်စာဆီစျေးနှုန်း ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာနက ဖော်ပြပါတယ်။

ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေနံထုတ်လုပ်မှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အတွက် အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ လောင်စာဆီစျေးနှုန်း မြင့်တက်သွားခဲ့ပါတယ်။ အခုလအစောပိုင်းမှာ ဓာတ်ဆီတစ်ဂါလံ လက်လီစျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၄.၃၃ အထိ ရှိခဲ့ပြီး ၁၄ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံယာဉ်ပိုင်ရှင်များအဖွဲ့အစည်း(AAA)က ပြောပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်း ဓာတ်ဆီတစ်ဂါလံပျမ်းမျှစျေးနှုန်းက ၄.၂၄ ဒေါ်လာရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ဓာတ်ဆီတစ်ဂါလံပျမ်းမျှစျေးနှုန်းက ၅.၉၁ ဒေါ်လာအထိ ရှိနေတယ်လို့ AAA ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ မက္ကဆီကိုနိုင်ငံမှာတော့ လောင်စာဆီခွဲတမ်းချပေးပြီး စျေးနှုန်းကို ထိန်းချုပ်မယ်လို့ အခုလအစောပိုင်းမှာ သမ္မတ အိုဘရာဒေါက ကတိပြုခဲ့လို့ စျေးနှုန်းတည်ငြိမ်နေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့ ( အမေရိကန်-မက္ကဆီကိုနယ်စပ်ကနေ ၁၇ မိုင် ကွာဝေး)မှာ နေထိုင်သူ ဂျူလီယိုဗာကွီရိုကတော့ မက္ကဆီကိုနိုင်ငံ၊ တိုင်ဂွာနာမြို့မှာ အမေရိကန်ဒေါ်လာ ၄၀ သုံးရင် သူ့ရဲ့ Honda Civic ကားကို ဆီအပြည့်ဖြည့်လို့ရတဲ့အကြောင်း TikTok ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ သူ့ကားကို ဆီအပြည့်ဖြည့်ရင် အမေရိကန်ဒေါ်လာ ၇၀ တောင် ပေးရတယ်လို့ သီတင်းပတ် တစ်ပတ်အကြာမှာ ဂျူလီယိုက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဂျူလီယိုဟာ တိုင်ဂွာနာမြို့ကနေ မိနစ် ၂၀ လောက်ပဲ မောင်းရတဲ့နေရာမှာ နေထိုင်သူဖြစ်လို့ တစ်လတစ်ခါလောက် မက္ကဆီကိုကို သွားပြီး ဆီဖြည့်မယ်လို့ ဆိုပါတယ်။ တကယ်လို့ လောင်စာဆီစျေးနှုန်းတွေ ဒီအတိုင်း ဆက်တက်နေဦးမယ်ဆိုရင်တော့ သီတင်းပတ်တိုင်း မက္ကဆီကိုကို ဆီသွားဖြည့်ရလိမ့်မယ်လို့ ပြောပါတယ်။

Ref: BBC ” Some Americans are going to Mexico for cheaper petrol”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top