မေရီအန်းဘီဗန်ဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းမချောလေးတစ်ဦးပါ။ သူ့ရဲ့နှစ်လိုဖွယ်အပြုံးနဲ့ ကြင်နာတတ်တဲ့ မျက်လုံးတွေဟာ သူနာပြုအလုပ်နဲ့ လိုက်ဖက်ညီခဲ့ပါရဲ့။

မေရီဟာ သောမတ်စ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၄ ယောက် မွေးဖွားခဲ့တယ်။ ဒါပေမဲ့ သာယာစိုပြေတဲ့ သူတိုမိသားစုဘဝလေးဟာ သောမတ်စ် ရုတ်တရက်ကွယ်လွန်သွားခြင်းနှင့်အတူ ကစဉ့်ကလျား ဖြစ်ခဲ့ရပါတယ်။ အရွယ် မရောက်သေးတဲ့ သားသမီး ၄ ယောက်ကို ရှာဖွေကျွေးမွေးဖို တာဝန်ဟာ မေရီတစ်ဦးတည်းရဲ့ ပုခုံးပေါ် ကျရောက်လာခဲ့ပါပြီ။
အဲဒီလိုအချိန်မှာမှ သူ့ခန္ဓာကိုယ်က မယုံနိုင်အောင် ပြောင်းလဲသွားခဲ့တယ်။ တစ်ရက် သူ အိပ်ယာနိုးလာလို လက်ထပ်လက်စွပ် ကောက်ဝတ်လိုက်ချိန်မှာ အရမ်းကြပ်နေတာကို သတိထားမိပြီး မှန်ကြည့်လိုက်တော့ သူ့မျက်နှာက မယုံနိုင်အောင် ပြောင်းလဲနေပါပြီ။ မျက်နှာက ပိန်းပိတ်ဖူးရောင်နေပြီး အရေခွံတွေလည်း တွဲကျနေတယ်။ မေရီဟာ ကြီးထွားမှုဟော်မုန်း ပိုလျှံထုတ်လွှတ်မှုကြောင့် ပုံမှန်မဟုတ်တဲ့ ကြီးထွားခြင်းအခြေအနေ acromegaly ခံစားနေရတာပါ။

၁၉၀၀ ပြည့်နှစ်အစောပိုင်းကာလတုန်းကတော့ ဒီလိုအခြေအနေမျိုးကို ကုသနိုင်မယ့်နည်းလမ်း မရှိခဲ့ပါဘူး။ ကံကြမ္မာက ရက်စက်သလို လူတွေကလည်း သူ့ကို ရက်စက်ကြပါပြီ။ ဆေးရုံက မေရီကို သူနာပြုအလုပ်ကနေ ထုတ်လိုက်တယ်။ သူဟာ သားသမီး ၄ ယောက်ရဲ့ ဆာလောင်နေတဲ့ ဝမ်းကို ဖြည့်ပေးနိုင်ဖို အလုပ်လိုက်ရှာခဲ့ပေမဲ့ ဘယ်သူကမှ သူ့ကို အလုပ်မပေးကြပါဘူး။ အဲဒီနောက်မှာတော့ သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ” ကမ္ဘာ့အကျည်းတန်ဆုံးအမျိုးသမီး” ပြိုင်ပွဲ ဝင်ပြိုင်ဖိုပါပဲ။

”ကမ္ဘာ့အကျည်းတန်ဆုံး”ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်သူက လိုချင်ပါ့မလဲ။ ဒါပေမဲ့ သူ့မှာ ဝမ်းရေး ဖြေရှင်းနိုင်ဖို ဒီနည်းလမ်းပဲ ရှိတော့တာမလား။ သူက ပြိုင်ပွဲဝင် ၂၅၀ ကို ကျော်ဖြတ်ပြီး ”ကမ္ဘာ့အကျည်းတန်ဆုံး အမျိုးသမီးပြိုင်ပွဲ”မှာ ဗိုလ်စွဲခဲ့တယ်။ သားသမီးတွေဝမ်းရေးအတွက် ဂုဏ်သိက္ခာနဲ့ အလဲအထပ်လုပ်ခဲ့တဲ့ပွဲမှာ သူနိုင်ခဲ့တယ်လိုပဲ ဆိုရမလား။
ဒီနောက်မှာတော့ မေရီက ဆပ်ကပ်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့တယ်။ သူ့အပေါ် ရွံရှာစက်ဆုပ်ဟန်ပြတဲ့ မျက်လုံးတွေ၊ လှောင်ပြောင်အော်ဟစ်သံတွေ၊ ပုတ်ခတ်စော်ကားမှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့ခဲ့ပေမဲ့ ဆပ်ကပ်ကနေ ငွေရမယ့် သားသမီးတွေ ဝမ်းဝမယ်ဆိုတဲ့အသိကြောင့် ကြုံသမျှကို ခါးစည်းခံခဲ့တယ်။

မေရီဟာ သူ့ရဲ့ ထူးခြားတဲ့အသွင်အပြင်ကြောင့် ဆပ်ကပ်ပြပွဲတွေကလွဲပြီး နေ့စဉ်လူနေမှုဘဝမှာ လူရာသွင်းခြင်း မခံခဲ့ရဘူး။ ” ရုပ်ဆိုးမကြီး”ဆိုတဲ့ နာမ်စားရဲ့နောက်ကွယ်မှာ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းတရားတွေ ပြည့်နှက်နေတဲ့ သူ့နှလုံးသားကို လူတွေ မမြင်တွေ့ခဲ့ကြဘူး။ သူဟာ ၁၉၃၃ ခုနှစ်က အသက် ၅၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။
Ref: Mary Ann Bevan
NZ ( ရိုးရာလေး)

