စံချိန်တင် ထီဆုကြီးပေါက်သူက ဆုကြေးအားလုံးနီးပါးကို သဘာဝပတ်ဝန်းကျင်ဖောင်ဒေးရှင်းအတွက် လှူဒါန်း

lottery.jpg

စံချိန်တင် ထီဆုကြီး ပေါက်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်ဟာ ထီဆုကြေးငွေအများစုကို သဘာဝပတ်ဝန်းကျင်ဖောင်ဒေးရှင်းအတွက် လှူဒါန်းလိုက်ပါပြီ။ ဂိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အဲဒီအမျိုးသားဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ ၂၁၇ သန်းတန် EuroMillions ထီဆုကြီး ဆွတ်ခူးခဲ့တာပါ။ အဲဒီအချိန်တုန်းက ဂိုင်း ဆွတ်ခူးခဲ့တဲ့ ထီဆုကြေးဟာ EuroMillions ထီ သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ပါတယ်။

” ကျွန်တော့်အမြင်အရတော့ ကမ္ဘာမြေကို ကယ်တင်ဖို့က ဒီနေ့ခေတ်ရဲ့ ဦးစားပေးကိစ္စပါပဲ။ ဒီကိစ္စက လုပ်ကို လုပ်ရမှာပါ။ တကယ့်ကို အရေးပေါ်အခြေအနေပါပဲ။ ဒီကိစ္စကို ဘာမှမလုပ်ဘူးဆိုရင် တခြားလုပ်ဆောင်မှုအားလုံး အချည်းနှီးပါပဲ။ ကျွန်တော်တို့လူသားတွေ ဆက်ပြီးရှင်သန်နိုင်တော့မှာ မဟုတ်ပါဘူး” လို့ ဂိုင်းက ပြောပါတယ်။ ဂိုင်းဟာ ထီဆုကြေးအားလုံးကို တဖြည်းဖြည်းချင်း လှူဒါန်းသွားဖို့ ဆုံးဖြတ်ထားသူပါ။

သေကြေဆုံးရှုံးမှုတွေ ဖြစ်စေတဲ့ ရာသီဥတုကပ်ဘေးကို ကာကွယ်နိုင်ဖို့ တွင်းထွက်လောင်စာအစား ပြည့်ဖြိုးမြဲစွမ်းအင်ကို ထုတ်ယူသုံးစွဲဖို့ လိုအပ်နေပြီလို့ ကမ္ဘာတစ်ဝန်းက ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီဆယ်စုနှစ်အတွင်းမှာ စွမ်းအင်ပြောင်းလဲသုံးစွဲဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာအစိုးရများ ပါဝင်သော ရာသီဥတုပြောင်းလဲမှုရေးရာအဖွဲ့က မှတ်ချက်ပေးထားပါတယ်။

ဂိုင်းကတော့ EuroMillions ထီဆုကြီး ဆွတ်ခူးနိုင်ချိန်မှာ မယုံကြည်နိုင်အောင် ဖြစ်မိခဲ့ပြီး ထီဆုကြေးငွေတွေကို ကောင်းကျိုးဖြစ်အောင် အသုံးပြုဖို့ တစ်ခါတည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်ပဲ Anyama ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ဖောင်ဒေးရှင်းကို ထူထောင်ဖြစ်ခဲ့တာပါ။ Anyama ဆိုတာကတော့ ဂိုင်း ငယ်စဉ်ကလေးဘဝက နေထိုင်ခဲ့တဲ့ အိုင်ဗရီကို့စ်နိုင်ငံက မြို့အမည် ဖြစ်ပါတယ်။

အိုင်ဗရီကို့စ်မှာ နေခဲ့စဉ်က သစ်လုံးတွေအပြည့်တင်ထားတဲ့ ကားကြီးတွေ ဖြတ်သွားတာကို ရပ်ကြည့်နေခဲ့ရပြီး အဲဒီဖြစ်ရပ်ကလည်း သဘာဝပတ်ဝန်းကျင် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဂိုင်းက ဆိုပါတယ်။ ဆုကြေးငွေအများစုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လှူဒါန်းပေးမယ့် ဂိုင်းရဲ့ လုပ်ရပ်ကို FDJ ထီလုပ်ငန်းစုက ကြိုဆိုခဲ့ပြီး ထူးထူးခြားခြား ရက်ရောမှုလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဂိုင်းဟာ ၆၊ ၉၊ ၁၃၊ ၂၄၊ ၄၁၊ ကံကောင်းခြင်းနံပါတ် ၃၊ ၁၂ ဂဏန်းနဲ့ အလယ်ပုံ ထီဆုကြီး ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဂိုင်း ရရှိတဲ့ ဆုကြေးငွေက အမြင့်ဆုံးဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာတော့ ပြင်သစ်နိုင်ငံသား နောက်တစ်ဦးက အမေရိကန်ဒေါ်လာ ၂၃၉ သန်းဆု ဆွတ်ခူးပြီး ဂိုင်းရဲ့ထီဆုကြေးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

Ref: CNN ” He won $217 million in the lottery, then spent nearly all of it to help save the planet”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top