ကန့်လန့်တိုက်တတ်တဲ့ လက်တွဲဖော်နဲ့ ဖူးစာဆုံရသူတွေဟာ ပုံမှန်ထက်အသက်တိုနိုင်

rr1-2.jpg

ကိုယ့်စကားနားမထောင်တဲ့ ဘဝလက်တွဲဖော်နဲ့ အတူနေရတာ ကိုယ့်ကို စိတ်တိုဒေါသဖြစ်စေတဲ့အပြင် ကိုယ့်ဘဝသက်တမ်းကိုလည်း တိုတောင်းစေတယ်လို့ သုတေသနပြုသူတွေက ပြောကြားလိုက်ပါပြီ။ သူတို့ရဲ့နေ့စဉ် စိတ်ဖိစီးမှုတွေ၊ စိတ်ခံစားမှုတွေကို ရေရှည်အတိုင်းအတာထက် ကျော်လွန်ပြီး ထိန်းချုပ်ရတဲ့အခါ စုံတွဲတွေကြား ဂရုစိုက်မှုပိုနည်းလာကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ရှိရပါတယ်။ ဒီလို စုပြုံလာတဲ့ စိတ်ဖိစီးမှုတွေကြောင့် ပုံမှန်ထက် (၄၂) ရာခိုင်နှုန်းစောပြီး သေဆုံးနိုင်ပါတယ်။ အချိန်ကြာကြာဖြစ်တည်လာတဲ့ စိတ်ဖိစီးမှုတွေဟာ နှလုံးရောဂါ၊ ကင်ဆာ၊ အဆုတ်ရောဂါ၊ အသည်းခြောက်ရောဂါ၊ ယာဉ်မတော်တဆမှုနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာတွေကို ဖြစ်စေနိုင်ပါတယ်။

စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ်တက္ကသိုလ်က စိတ်ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ အိမ်ထောင်ရှိတဲ့ အသက် (၂၅) နှစ်မှ (၇၄) နှစ်ကြား လူပေါင်း (၁,၂၀၀) ခန့်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၅ – ၁၉၉၆ ခုနှစ်ကြားမှာ စတင်ခဲ့တဲ့ နှစ် နှစ်ဆယ်ကြာလေ့လာမှုမှာ ပါဝင်သူများကို ခန့်မှန်းချက်တွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့လက်တွဲဖော်တွေက သူတို့ကို ဘယ်လောက်နားလည်ပေးလဲ၊ ဘယ်လောက် ဂရုစိုက်လဲ၊ အသိအမှတ်ပြုခံရလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ မေးမြန်းခဲ့ပါတယ်။

နောက် (၁၀) နှစ်အကြာ၊ ၂၀၀၆ ခုနှစ်မှာလည်း ပါဝင်သူတွေကို ဒီမေးခွန်းတွေကိုပဲ ထပ်မေးမြန်းခဲ့ပါတယ်။ ၈ ရက်အတွင်း အိမ် ဒါမှမဟုတ် အလုပ်မှာ ကြုံတွေ့ရတဲ့ ပြဿနာတွေလိုမျိုး နေ့စဉ် စိတ်ဖိစီးစရာကိစ္စတွေကို မှတ်တမ်းတင်စေခဲ့ပါတယ်။ သူတို့ဟာ ကြောက်ရွံ့မှု၊ ယုံကြည်ချက်ကင်းမဲ့မှု၊ စိတ်ပျက်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့လိုမျိုး မကောင်းတဲ့ စိတ်ခံစားချက်၊ ပျော်ရွှင်မှု၊ စိတ်ငြိမ်သက်မှု၊ စိတ်ကျေနပ်မှုစတဲ့ ကောင်းတဲ့ စိတ်ခံစားချက်တွေ ခံစားရတဲ့အခါမျိုးမှာ မှတ်တမ်းရေးခဲ့ကြပါတယ်။

သူတို့ရဲ့ဘဝလက်တွဲဖော်တွေနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့သူတွေဟာ သေဆုံးမှုနှုန်း (၄၂) ရာခိုင်နှုန်းခန့် မြင့်တက်နေတာကို နှစ် (၂၀) ကြာလေ့လာမှုမှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။ နေ့စဉ် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ ကိုယ့်ရဲ့ဘဝလက်တွဲဖော်ဟာ ကိုယ်ပြောတဲ့စကားကိုနားမထောင်ဘဲ လျစ်လျူရှုထားတာတွေကြောင့် လို့ သိရပါတယ်။

သုတေသနပြုသူတွေဟာ စိတ်ဖိစီးမှုနဲ့ အသက်အန္တရာယ် မြင့်မားလာမှုတွေ ဆက်နွယ်နေပုံကို အသေးစိတ် မဖော်ပြပေမဲ့လည်း နာတာရှည်စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ကို နည်းအမျိုးမျိုးနဲ့ ပျက်စီးစေနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ အသက်ကြီးတဲ့သူတွေကို လေဖြတ်နိုင်ခြေ ပိုမြင့်မားစေသလို နာတာရှည် စိတ်ဖိစီးတာဟာလည်း လေဖြတ်ရောဂါအသေးစား ပိုဖြစ်နိုင်ပါတယ်။ ၁၉၈၅ ကနေ ၂၀၀၃ ခုနှစ်အထိ (၁၈) နှစ်ကြာ အမျိုးသား အယောက် (၁၀၀၀) ကို လေ့လာမှုမှာလည်း စိတ်ဖိစီးစရာတွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသားတွေဟာ သက်လတ်ပိုင်း ဒါမှမဟုတ် အသက်ကြီးတဲ့အခါ သေဆုံးမှုနှုန်း ပိုမြင့်နေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

Ref: www.dailymail.co.uk “Living with a partner who doesn’t listen could make you ‘more likely to DIE early’ because you struggle to cope with stress”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top