ဟောင်ကောင်မှာ ၆၃ နှစ်အတွင်း လူသေဆုံးမှုအများဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၅ ဦးအထိ ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့လယ်က တိုင်ပိုခရိုင်၊ Wang Fuk Court အိမ်ယာဝန်းအတွင်း ပြုပြင်မွမ်းမံမှု လုပ်နေတဲ့ မိုးမျှော်တိုက်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၂၄ နာရီ ကြာမြင့်ချိန်အထိ မီးမငြှိမ်းနိုင်သေးပါဘူး။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမဲ့ ဝါးနဲ့လုပ်ထားတဲ့ ငြမ်းစင်တွေကြောင့် မီးကူးစက်မှု မြန်ဆန်အားကောင်းခဲ့တာလို့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
မိုးမျှော်တိုက် ၈ လုံး၊ အခန်းပေါင်း ၁၉၈၄ ခန်းရှိတဲ့ Wang Fuk Court အိမ်ယာဝန်းအတွင်း နေထိုင်သူ ၄၆၀၀ ကျော် ရှိတဲ့အနက် ၄၀ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုမှာ သေဆုံးသူ ၅၅ ဦးရှိပြီး ပျောက်ဆုံးသူ ၂၇၀ ရှိနေဆဲပါ။

ဒီမီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လျက်ရှိပါတယ်။ အဆောက်အအုံ ပြင်ဆင်စရိတ် အများအပြား တောင်းခံထားပေမဲ့ အသုံးပြုတဲ့ပစ္စည်းတွေက အရည်အသွေးနိမ့်တာတွေ ဖြစ်နေသလားဆိုတဲ့ သံသယတွေလည်း ရှိနေတာပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Ref: At least 55 dead and hundreds missing in Hong Kong as firefighters battle last of public housing fires
NZ ( ရိုးရာလေး)

