လကမ္ဘာဆီ စေလွှတ်မယ့် ဧရာမဒုံးပျံကြီးကို နာဆာအဖွဲ့ မိတ်ဆက်ပြသ

18-2-2022-yyl07.jpg

အမေရိကန် အာကာသအေဂျင်စီ (Nasa) က လကမ္ဘာကို စေလွှတ်မယ့် ဒုံးပျံကြီးကို ပထမဆုံးအကြိမ် မိတ်ဆက်ပြသလိုက်ပါပြီ။ Space Launch System (SLS) လို့ အမည်ပေးထားတဲ့ ဒုံးပျံကို ( ဒုံးပျံလွှတ်တင်မှုအကြို စမ်းသပ်ရေတွက်မှုလုပ်ဖို့) ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ကနေဒီအာကာသစင်တာရဲ့ ဒုံးပျံလွှတ်တင်ရေးစင်မြင့်ပေါ် တင်ဆောင်ခဲ့ပါတယ်။ အဲဒီစမ်းသပ်ရေတွက်မှု အဆင်ပြေချောမွေ့ခဲ့မယ်ဆိုရင်တော့ လကမ္ဘာဆီကို လူမပါတဲ့ စမ်းသပ်လွန်းပျံအိမ် ပို့ဆောင်မယ့် စီမံကိန်းအတွက် အသင့်ဖြစ်ပြီလို့ ကြေညာနိုင်မှာပါ။ အဲဒီစီမံကိန်းကို လာမယ့်လပိုင်းမှာ လုပ်ဆောင်ဖို့ ရှိပါတယ်။ ဒီဆယ်စုနှစ် ဒုတိယနှစ်ဝက်မှာတော့ အာကာသယာဉ်မှူးတွေကို SLS ဒုံးပျံပေါ် တင်ဆောင်ပြီး လကမ္ဘာရဲ့ မျက်နှာပြင်ကို စေလွှတ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

SLS ဟာ ဧရာမဒုံးပျံကြီးဖြစ်ပြီး အမြင့် ၁၀၀ မီတာလောက် ရှိပါတယ်။ ၁၉၆၀ နှောင်းပိုင်းနဲ့ ၁၉၇၀ အစောပိုင်းတွေမှာ အသုံးပြုခဲ့တဲ့ Apollo Saturn ဒုံးပျံယာဉ်တွေထက် ပိုအားကောင်းပါတယ်။ အာကာသယာဉ်မှူးတွေကို တင်ဆောင်နိုင်မယ့်အပြင် ကမ္ဘာ့အပြင်ဘက်မှာ အာကာသယာဉ်မှူးတွေ အချိန်ကြာကြာ ဆက်နေနိုင်စေဖို့ လိုအပ်တဲ့ စက်ကိရိယာတွေနဲ့ ကုန်ပစ္စည်းတွေကိုလည်း တင်ဆောင်နိုင်စွမ်းရှိပါတယ်။

ဒေသစံတော်ချိန် ညနေ ၆ နာရီမတိုင်ခင် SLS ဒုံးပျံကို တပ်ဆင်ရေးအလုပ်ရုံ (Vehicle Assembly Building)ထဲကနေ ထုတ်လာခဲ့ပြီး Mobile Launcher လို့ လူသိများတဲ့ ငြမ်းတွေနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ငြမ်းတွေဟာ အမြင့် ၁၂၀ မီတာ၊ အလေးချိန် တန် ၅၀၀၀ ရှိလို့ ဧရာမတွဲကားကြီးနဲ့ တဖြည်းဖြည်းချင်း သယ်ဆောင်ရမှာပါ။ Crawler Transporter ဟာ တစ်နာရီ ၁ မိုင်မပြည့်တဲ့နှုန်းနဲ့ တရွေ့ရွေ့ချင်း သွားနေပြီး အင်ဂျင်နီယာတွေကလည်း အစစအရာရာ အစီအစဉ်တကျ ဖြစ်စေဖို့ တွဲကားကို မကြာခဏ ရပ်တန့်စစ်ဆေးနေလို့ ဒုံးပျံလွှတ်တင်ရေးစင်မြင့်ဆီ ရောက်ဖို့ နာရီတော်တော် ကြာမြင့်မှာပါ။

SLS ဒုံးပျံနဲ့ ထောက်ပို့ကိရိယာကို ဒုံးပျံလွှတ်တင်ရေးစင်မြင့် 39B မှာ တပ်ဆင်ပြီးရင်တော့ အကြိုစမ်းသပ်မှုလုပ်ဖို့ စီစဉ်ရမှာပါ။ ဧပြီလ ၃ ရက်မှာ အကြိုစမ်းသပ်မှုလုပ်ဖွယ် ရှိပါတယ်။ အကြိုစမ်းသပ်မှုမှာ ဒုံးပျံကို အင်ဂျင်တွေ တပ်ဆင်မှာဖြစ်ပြီးဒုံးပျံလွှတ်တင်မယ့်အချိန်မရောက်ခင် ၉.၄ စက္ကန့်အလိုအထိ စမ်းသပ်ရေတွက်မှု လုပ်မှာပါ။ အင်ဂျင်နီယာတွေက စမ်းသပ်မှုကို စိတ်တိုင်းကျပြီဆိုရင်တော့ နာဆာအဖွဲ့က ဒုံးပျံလွှတ်တင်မယ့်ရက် သတ်မှတ်မှာပါ။ မေလကုန်လောက်အထိ အချိန်စောနိုင်ပေမဲ့ ဇွန်လ ဒါမှမဟုတ် ဇူလိုင်လထဲမှာ လွှတ်တင်ဖို့ ပိုများပါတယ်။

Artemis စီမံကိန်းလို့ အမည်ပေးထားတဲ့ စီမံကိန်းအရ ဒုံးပျံရဲ့ လူနေလွန်းပျံအိမ် (Orion crew capsule) ကို လကမ္ဘာတစ်ဝိုက်က တိုးချဲ့ပတ်လမ်းတွေဆီ လွှတ်တင်မှာဖြစ်ပြီး အဲဒီခရီးစဉ်က ၂၆ ရက်ကြာမြင့်မှာပါ။ စမ်းသပ်လွှတ်တင်မှုမှာတော့ လွန်းပျံအိမ်ထဲမှာ လူလိုက်ပါဦးမှာ မဟုတ်ပါဘူး။ ဒုတိယအကြိမ် လွှတ်တင်မယ့်ခရီးစဉ်မှသာ လူလိုက်ပါဖို့ ရှိပါတယ်။နာဆာအဖွဲ့က SLS ကို ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်မှာ အမေရိကန်နိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန်မက်စ်ကလည်း တက္ကဆက်မြို့မှာရှိတဲ့ R&D အဆောက်အအုံမှာ SLS ထက် ပိုကြီးတဲ့ ဒုံးပျံကြီးတစ်ခုကို ပြင်ဆင်နေပါတယ်။ Starship လို့ အမည်ပေးထားတဲ့ အဲဒီဒုံးပျံကြီးကလည်း SLS လိုပဲ ပွဲဦးထွက် စမ်းသပ်လွှတ်တင်မှု မလုပ်ရသေးပါဘူး။ SLS နဲ့မတူတာကတော့ Starship ဟာ ပြန်လည်အသုံးပြုနိုင်အောင် ရည်ရွယ်တည်ဆောက်ထားတာဖြစ်လို့ ကုန်ကျစရိတ် ပိုသက်သာပါလိမ့်မယ်။

နာဆာရဲ့စီမံကိန်းတွေကို စာရင်းစစ်ခဲ့တဲ့ စာရင်းစစ်ချုပ်ရုံးကတော့ သိပ်မကြာသေးခင်က ချင့်ချိန်သုံးသပ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ SLS ရဲ့ ပထမဆုံး ခရီးစဉ် ၄ ခုအတွက် ခရီးစဉ်တစ်ခုကို အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် ကုန်ကျမှာဖြစ်ပြီး အဲဒီပမာဏကို ရေရှည်အကုန်အကျခံနိုင်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

Ref: BBC “Nasa’s giant new SLS Moon rocket makes its debut”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top