မလျှော့သော ဇွဲလုံလရဲ့အသီးအပွင့် (သို့မဟုတ်) ဒိုမီနိုပီဇာ

pizza.jpg

၁၉၆၀ ပြည့်နှစ်မှာ မစ်ချီဂန်ပြည်နယ်မှ ညီအစ်ကိုနှစ်ဦးဟာ ရောင်းအား မကောင်းတဲ့ ပီဇာဆိုင်ငယ်လေးတစ်ဆိုင်ကို စပ်တူဝယ်ခဲ့ပါတယ်။ အကြွေးတင်နေတဲ့ ဒေါ်လာ ၄၀၀ ဆပ်ပေးရပြီး နောက်ထပ် ဒေါ်လာ ၅၀၀ ပေးရတာဆိုတော့ သူတို့ညီအစ်ကိုက DomiNick ပီဇာဆိုင်ကို ဒေါ်လာ ၉၀၀ နဲ့ ဝယ်နိုင်ခဲ့တဲ့ သဘောပါ။ ဆိုင်ရှင် ဒီဗာတီက သူတို့ကို ပီဇာလုပ်နည်း ၁၅ မိနစ်လောက် သင်ပြပေးခဲ့တယ်။

ညီအစ်ကို နှစ်ယောက်ထဲမှာ အစ်ကိုဖြစ်သူ တွမ်(Thomas Monaghan)က ရေတပ်မှာ တာဝန်ထမ်းဆောင်ရာကနေ ပြန်လာတာဖြစ်ပြီး ဗိသုကာပညာရှင်ဖြစ်ရေး ရည်မှန်းချက်အတွက် မစ်ချီဂန်တက္ကသိုလ်မှာ ကျောင်းအပ်နှံထားသူပါ။ ညီဖြစ်သူ ဂျိမ်းစ်(James Monaghan)ကတော့ စာပို့သမားအလုပ်လုပ်ပြီး လစာလည်း အတော်အသင့် ရပါတယ်။ သူတို့က ပီဇာဆိုင်ကို အပိုဝင်ငွေသဘောမျိုးနဲ့ပဲ ရည်ရွယ်ခဲ့တာပါ။ ပီဇာပို့ဖို့ Volkswagen Beetle ကားလေးတစ်စီး ဝယ်လိုက်ကြတယ်။

ဒါပေမဲ့ ပီဇာဆိုင်လုပ်ငန်းက သူတို့ထင်ထားတာထက် အများကြီး ပိုခက်ခဲပါတယ်။ သူတို့ ဆိုင်စဖွင့်တဲ့ ဒီဇင်ဘာလက ကောလိပ်ကျောင်းသားတွေ ဆောင်းရာသီ ကျောင်းပိတ်ရက် ဖြစ်နေတော့ ရောင်းအား တော်တော်နည်းပါတယ်။ အလုပ်သာ လုပ်နေရတာ ဝင်ငွေမရပါဘူး။ ပီဇာကို ပါဝင်ပစ္စည်းတွေ အပြောင်းအလဲလုပ်ပြီး ကြိုးစားကြည့်ပေမဲ့ ထူးခြားမလာပါဘူး။ ပုံမှန်အလုပ်တစ်ဖက်ရှိတဲ့ ဂျိမ်းစ်က ပီဇာဆိုင်ကို တော်တော်စိတ်ပျက်လာပါပြီ။

၈ လအကြာမှာတော့ ဂျိမ်းစ်က သူ့ရှယ်ယာတစ်ဝက်ကို ပြန်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပီဇာပို့ဖို့ ဝယ်ထားတဲ့ Volkswagen Beetle ကားကို သူ ယူလိုက်ပြီး ပီဇာဆိုင်ကို တွမ်က အပိုင်ယူလိုက်ဖို့ သဘောတူခဲ့ကြတာပါ။

အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ တွမ်ဟာ ပီဇာဆိုင် တစ်ဆိုင်လုံးကို တစ်ဦးတည်း ဦးဆောင်ရတဲ့ အနေအထား ဖြစ်သွားတယ်။ သူဟာ အိမ်ငှားခ မတတ်နိုင်လို့ ပီဇာဆိုင် မီးဖိုချောင်မှာပဲ အိပ်တယ်၊ ရောင်းလို့မရတဲ့ ပီဇာအတူးတွေကို စားတယ်။ ပီဇာဖုတ်စက်တွေကိုလည်း အကြွေးနဲ့ ဝယ်ထားတာပါ။ တော်ရုံသူဆိုရင်တော့ စိတ်ရှုပ်မခံတော့ဘဲ ပီဇာဆိုင်ကို ပြန်ရောင်းပစ်လိုက်မှာပါ။

ဒါပေမဲ့ တွမ်က အလျှော့မပေးခဲ့ဘူး။ ပီဇာလုပ်ငန်းကို အသေးစိတ် လေ့လာတယ်။ အဲဒီမှာ ပီဇာ ပို့ဆောင်မှုအပိုင်းက အဓိက သော့ချက်ပဲဆိုတာကို သူ တွေ့ရှိခဲ့တယ်။ ကောလိပ်ကျောင်းသားတွေက ဆိုင်ကို လာမစားချင်ကြဘူး။ အော်ဒါ လှမ်းမှာကြတာ များတယ်။ သူတို့က ပူပူနွေးနွေး ပီဇာကို လိုချင်ကြတာ။ ဒီတော့ တွမ်က ပို့ဆောင်မှုအပိုင်းကို အသေးစိတ် ပြင်ဆင်လိုက်တယ်။ ဆိုင်ကနေ ကောလိပ်ကျောင်းသားတွေဆီ ပီဇာပို့ဖို့ အနီးဆုံးလမ်းကြောင်းတွေ ဆွဲတယ်။

ပီဇာကို တစ်မျိုးပဲထုတ်ပြီး ဆိုက်ကြီး၊ ဆိုက်သေး ၂ ခုပဲ ခွဲလိုက်တယ်။ ပီဇာပုံးကို ပုံစံ ပြောင်းလိုက်တယ်။ ပီဇာ အချပ်များများ ထည့်နိုင်ဖို့၊ အပူဓာတ်ကို ထိန်းထားနိုင်ဖို့၊ ပိမိတဲ့အခါလည်း ပီဇာတွေ ပုံမပျက်စေဖို့ ခိုင်ခံတဲ့ကတ်ထူပုံးတွေကို သုံးတယ်။ သူ့ဆိုင်က ပီဇာ မှာရင် မြန်လည်း မြန်တယ်၊ ရောက်လာရင်လည်း ပူပူနွေးနွေး စားရတယ်ဆိုတဲ့ သတင်းက ကောလိပ်ကျောင်းမှာ ပျံ့နှံ့သွားပြီး တွမ်ရဲ့ဆိုင်က သိသိသာသာ ရောင်းအားတက်လာတယ်။

၁၉၆၅ ခုနှစ်မှာတော့ တွမ်က နောက်ထပ်ဆိုင်ခွဲ ၂ ဆိုင် ဖွင့်လိုက်တယ်။ သူက ပီဇာလုပ်ငန်းကို လိုင်စင်ရအောင် လုပ်ချင်တယ်။ ဒါပေမဲ့ မူလပိုင်ရှင်ကပဲ DomiNick ဆိုတဲ့ နာမည်ကို မူပိုင်ခွင့်ရထားတော့ အခက်တွေ့နေတယ်။ အဲဒါနဲ့ နာမည်စဉ်းစားတဲ့အခါ သူ့ရဲ့ ပစ္စည်းပို့ဆောင်သူတစ်ယောက်က ဒိုမီနို(Domino’s)ဆိုတဲ့ နာမည်ကို ရွေးပေးခဲ့တယ်။ နာမည်က ခေါ်ရလွယ်သလို မှတ်ရလည်း လွယ်တော့ ဒီနာမည်သုံးဖို့ ဖြစ်လာခဲ့တယ်။

ဆိုင်ခွဲ ၁ ဆိုင်ချင်းစီကို ကိုယ်စားပြုတဲ့အနေနဲ့ ဒိုမီနိုအချပ်မှာ အစက် ၃ စက် ထည့်သွင်းတဲ့ လိုဂိုကို ရေးဆွဲခဲ့တယ်။ သူက ဆိုင်ခွဲအသစ် ထပ်ဖွင့်တိုင်း အစက်လေး ၁ စက်စီ တိုးသွားဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူ့လုပ်ငန်းက အဆမတန် ကြီးထွားအောင်မြင်ခဲ့တာကြောင့် လိုဂို ပြင်ဆင်မယ့် ရည်ရွယ်ချက်ကို စွန့်လွှတ်ခဲ့တယ်။

တွမ်က ပီဇာ မှာယူစားသောက်မှု အားကောင်းတဲ့ ကောလိပ်ကျောင်းရှိရာ မြို့တွေ၊ ဒေသတွေမှာ ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်တယ်။ လုပ်ငန်း အကြီးအကျယ် တိုးချဲ့ခဲ့တဲ့ တွမ်ဟာ ၁၉၇၀ ပြည့်နှစ်အရောက်မှာတော့ ကြွေးမြှီး အမေရိကန်ဒေါ်လာ ၁.၅ သန်း တင်ရှိခဲ့ပြီး ပိုင်ဆိုင်သမျှအားလုံးနီးပါး ဆုံးရှုံးရမယ့် အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ သူဟာ ဒေဝါလီခံရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ဖို့အတွက် ဒိုမီနိုပီဇာကုမ္ပဏီကို ဒေသခံစီးပွားရေးသမားတစ်ယောက်ထံ လက်လွှဲပေးခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ တစ်နှစ်အတွင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပြီး ကုမ္ပဏီကို ပြန်လည်ထိန်းချုပ်ခွင့် ရခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာတော့ တွမ်က စီးပွားရေးလောကကနေ အနားယူဖို့ ဆုံးဖြတ်ပြီး ကုမ္ပဏီရဲ့ ရှယ်ယာ ၉၃ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁ ဘီလျံနဲ့ ရောင်းချခဲ့ပါတယ်။ ညီဖြစ်သူ ဂျိမ်းစ်ထံက Volkswagen ကားတစ်စီးနဲ့ အလဲအထပ် လုပ်ခဲ့တဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းက ဒေါ်လာ သန်း ၅၀၀ အထိ တန်ကြေးရှိခဲ့ပြီး ဂျိမ်းစ်အတွက်တော့ ဆုံးရှုံးမှုကြီးမားခဲ့တဲ့ အပေးအယူတစ်ရပ် ဖြစ်ခဲ့ရပါတယ်။

Ref: This Old Beetle Is Worth About $500 Million Because Of Pizza

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top