ကမ္ဘာကျော် ပြဇာတ်ရေး ဆရာ၊ စာရေးဆရာကြီး ဂျော့ဘားနက်ဒ်ရှောကို သူ့ရဲ့ ထူးခြားတဲ့အတွေးအမြင်၊ အယူအဆကြောင့် လူ့ခွစာကြီးလို့ ဆိုစမှတ်ပြုကြပါတယ်။ ဂျော့ဘားနက်ဒ်ရှောဟာ နိုဘယ်ဆုနဲ့ အော်စကာဆု ၂ ဆုလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပါ။ ဒါပေမဲ့ သူက နိုဘယ်ဆုရတဲ့ ဆုကြေးငွေတွေကို လက်ခံခဲ့ခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖန်တီးမှုတွေကို ပြိုင်ဆိုင်မှုလို သဘောထား ဆုံးဖြတ်ကြတဲ့ ဆုတွေအပေါ် သူ အယုံအကြည် မရှိလို့ပါပဲ။
ဆုတွေဟာ ဆန်းသစ် ဖန်တီးမှုတွေကို ဖမ်းဆီးချုပ်နှောင်လိုက်တဲ့ အကျဉ်းထောင်ပဲ၊ နှစ်လိုဖွယ်မကောင်းတဲ့ ပကတိအမှန်တရားကို ထုတ်ဖော်ပြပြီး ပရိသတ်တွေကို ဆန်းသစ်မှု ပေးစွမ်းရမယ့်အစား အနုပညာရှင်တွေဟာ ဆုတွေကြောင့် သက်သောင့်သက်သာဇုန်ထဲမှာပဲ ခေါက်ရိုးကျိုးနေကြတယ်လို့ ဂျော့ဘားနက်ဒ်ရှောက ယုံကြည်ထားခဲ့တာပါ။
ဥရောပနဲ့ အမေရိကတလွှားမှ ဇာတ်ရုံတွေမှာ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြတဲ့ Pygmalion ၊ Man and Superman၊ Saint Joan ပြဇာတ်တွေဟာ ဂျော့ဘားနက်ဒ်ရှောရဲ့ လက်ရာတွေဖြစ်ပြီး သူကလည်း ကမ္ဘာ့အကျော်ကြားဆုံး ပြဇာတ်ရေးဆရာ ဖြစ်ပါတယ်။ ၁၉၂၅ ခုနှစ် နိုဝင်ဘာလမှာတော့ ဆွီဒင်အကယ်ဒမီက ဂျော့ဘားနက်ဒ်ရှောကို စာပေဆိုင်ရာနိုဘယ်ဆု ပေးအပ်ခဲ့ပါတယ်။
ဂျော့ဘားနက်ဒ်ရှောက အဲဖရက်နိုဘယ်ရဲ့အမွေအနှစ်၊ ဆွီဒင်အကယ်ဒမီရဲ့ အသိအမှတ်ပြုမှုအပေါ် စော်ကားလိုစိတ်မရှိပေမဲ့ တစ်ဖက်မှာလည်း သူ ယုံကြည်ကိုင်စွဲထားတဲ့ အယူအဆက ရှိနေပြန်ပါတယ်။ ဒီအတွက်ကြောင့် ဂျော့ဘားနက်ဒ်ရှောက ဆုကို လက်ခံခဲ့ပေမဲ့ ဆုကြေးငွေကိုတော့ ငြင်းဆန်ခဲ့တာပါ။ ” သူ့အတွက်တော့ နိုဘယ်ဆုဆိုတာ ဘေးကင်းစွာနဲ့ ကမ်းခြေရောက်လာတဲ့ ရေကူးသမားတစ်ယောက်ကို အသက်ကယ်လှေ ပေးသလိုပါပဲ ( အသိအမှတ်ပြုစရာ မလိုအောင် ဖြစ်နေသူကို ဘာကြောင့် အသိအမှတ်ပြုတာလဲ)”လို့ မှတ်ချက်ပေးခဲ့တာကြောင့် နိုဘယ်ဆုပေးတဲ့ ဆွီဒင်အကယ်ဒမီ အဖွဲ့ဝင်တွေလည်း အံ့အားသင့်ခဲ့ရပါတယ်။ ဂျော့ဘားနက်ဒ်ရှောရဲ့ အပြုအမူကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှာကိုပါ ဗြိတိန်အစိုးရက စိုးရိမ်ပူပန်နေခဲ့တာပါ။
မိတ်ဆွေတွေက သူ့ကို ဖိအားပေးလွန်းလို့ ဂျော့ဘားနက်ဒ်ရှောက ဆုကြေးငွေကို လက်ခံခဲ့ပေမဲ့ သူ့ကိုယ်ကျိုးအတွက် တပြားတချပ်မှ မသုံးခဲ့ပါဘူး။ ဆုကြေးငွေ ခရိုနာ ၁ သိန်း ၂ သောင်း မတည်ပြီး အင်္ဂလန်-ဆွီဒင် စာပေဖောင်ဒေးရှင်း ထောင်ခဲ့ပါတယ်။ ဆွီဒင်စာပေတွေကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုရေးသား ထုတ်ဝေပြီး ဘာသာစကား ၂ ခုကြား ပေါင်းကူးဆက်သွယ်ပေးခဲ့တာပါ။
နောက် ၁၃ နှစ်အကြာ ၁၉၃၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဂျော့ဘားနက်ဒ်ရှောက Pygmalion ရုပ်ရှင်အတွက်( နောက်ပိုင်းမှာ ဂီတနောက်ခံဇာတ်ကား My Fair Lady အဖြစ် ပြန်လည်ထွက်ရှိ) အကောင်းဆုံးဇာတ်ညွှန်းဆု ဆွတ်ခူးခဲ့ပါတယ်။ အော်စကာဆု ဆွတ်ခူးချိန်မှာတော့ အသက် ၈၃ နှစ် ရှိပါပြီ။ ဂျော့ဘားနက်ဒ်ရှောဟာ သမိုင်းတစ်လျှောက်မှာ နိုဘယ်ဆုနဲ့ အော်စကာဆု ဆွတ်ခူးခဲ့ဖူးတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ပါပဲ။ သူ့ဘဝတစ်လျှောက်လုံး ဆုတွေကို အထင်ကြီး၊ တန်ဖိုးထားခြင်းမရှိခဲ့တဲ့သူက အမြင့်ဆုံးဆု ၂ ဆု ဆွတ်ခူးနိုင်ခဲ့တာပါ။
Ref: George Bernard Shaw
NZ(ရိုးရာလေး)

