ကမ္ဘာကျော်အဆိုအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲကိုကြည့်ဖို့ မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်ဘမ်းဟာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ဆီ မက္ကဆီကိုမှာ ဖျော်ဖြေပွဲတွေ ပိုစီစဉ်ပေးဖို့ တရားဝင်တောင်းဆိုမှုဖြစ်လာစေခဲ့ပါတယ်။
မက္ကဆီကိုသမ္မတဟာ ဇန်နဝါရီ ၂၆ ရက်နေ့က မနက်ခင်းသတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယားသမ္မတကို သံတမန်စာတစ်စောင်ပေးပို့ထားကြောင်း ပြောကြားရင်းနဲ့ “လူတိုင်း သွားကြည့်ချင်ကြတယ်။ လူငယ် ၁ သန်းကျော်ဝန်းကျင်လောက် ဖျော်ဖြေပွဲလက်မှတ်ကို ဝယ်ချင်ကြပေမဲ့ လက်မှတ်အစောင်ရေ ၁၅၀၀၀၀ လောက်ပဲ ရတယ်”လို့ ပြောကြားခဲ့ပါတယ်။
BTS အဖွဲ့ဟာ စစ်မှုထမ်းတာဝန်တွေ ထမ်းဆောင်နေစဉ် ၂၀၂၂ ခုနှစ်ကတည်းက ရပ်နားထားခဲ့တာပါ။ ၃ နှစ်အကြာ ၂၀၂၆ ခုနှစ်မှာ သူတို့ရဲ့ပထမဆုံးအယ်လ်ဘမ်အသစ်ကို ထွက်ရှိပြီးတာနဲ့ ဧပြီလမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲစတင်တော့မှာဖြစ်ပါတယ်။

သူတို့ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲက ကမ္ဘာတစ်ဝှမ်းမှာ လက်မှတ်တွေ အလုအယက်ဝယ်ယူမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ အထူးသဖြင့် K-POP ရဲ့အကြီးမားဆုံး fan တွေရှိတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မက္ကဆီကိုမှာ လူအများအပြားက လက်မှတ်ဝယ်ယူမှုလွတ်သွားခဲ့ရပြီး တချို့က လက်မှတ်ရောင်းချမှုပြဿနာတွေနဲ့ ပတ်သက်ပြီး စားသုံးသူစောင့်ကြည့်ရေးအဖွဲ့ဆီ တိုင်ကြားခဲ့ပါတယ်။
မက္ကဆီကိုရဲ့ စားသုံးသူစောင့်ကြည့်ရေးအဖွဲ့က လက်မှတ်ရောင်းချတဲ့ Ticketmaster ကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေပြီး ပြန်လည်ရောင်းချတဲ့ Platform တွေဖြစ်တဲ့ StubHub နဲ့ Viagogo ကို အလွဲသုံးစားပြုမှုနဲ့ သစ္စာမဲ့တဲ့လုပ်ဆောင်မှုတွေအတွက် ပိတ်ဆို့အရေးယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။
BTS ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲလက်မှတ်တွေကို Ticketmaster မှာ ပီဆို ၁၈၀၀ ကနေ VIP လက်မှတ်တွေအတွက် ပီဆို ၁၇၈၀၀ အထိ ရောင်းချနေပေမဲ့ ၂၆ ရက်နေ့က ပြန်လည်ရောင်းချတဲ့ Platform တွေမှာ လက်မှတ်တွေက ပီဆို ၁၁၃၀၀ ကနေ ၉၂၁၀၀ အထိ ရောင်းချလို့နေပါတယ်။
BTS အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် Arirang ကို မတ်လမှာ ထွက်ရှိဖို့စီစဉ်ထားပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဧပြီလ ၉ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂိုယန်ကနေ စတင်မှာဖြစ်ပါတယ်။ မက္ကဆီကိုမှာ ဖျော်ဖြေပွဲ ၃ ခုသာ စီစဉ်ထားပြီး ၃ ခုလုံးကို GNP Seguros Stadium မှာ မေလ ၇ ရက်နေ့ကနေ မေလ ၁၀ နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Ref: Mexico president asks Korean counterpart for more BTS concerts
WL (ရိုးရာလေး)

